Wednesday, August 30, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထိခိုက် ဒဏ်ရာ ရရှိသည့် လူနာများအား ဆေးဝါး ကုသပေးနေမှု ကြည့်ရှု့အားပေး


နေပြည်တော် သြဂုတ် ၃၀

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည်  တာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းလွဲ(၁) နာရီတွင် စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိပြီး တာဝန်ရှိ သူများအား တွေ့ဆုံမှာကြားကာ မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာ ရရှိသည့် လူနာများအား ဆေးဝါးကုသနေမှုကို ကြည့်ရှု အားပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံအစည်းအဝေး ခန်းမ၌ စစ်တွေ ပြည်သူ့ ဆေးရုံ၊ ပြည်နယ် ကုသရေး ဦးစီးဌာနနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး လူနာများ၏ ကျန်းမာရေး အသိပညာကို မြှင့်တင်ပေးရေး သည် အရေးကြီးပါကြောင်း၊ စစ်တွေဆေးရုံ၏ လတ်တလော ဆရာဝန် အင်အားမှာ လူနာအရေ အတွက်နှင့်စာလျှင် အလွန် နည်းနေသည်ကို တွေ့ရှိရသဖြင့် အမြန်ဆုံး ဖြည့်ဆည်း ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြင်ပလူနာဌာနတွင် လူနာများပြားနေခြင်း သည် ပြည်သူ့ကျန်းမာရေး လုပ်ငန်းများတွင် အားနည်းနေသည်ဟု ယူဆ၍ ရပါကြောင်း၊ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို ပိုမို ကောင်းမွန်စွာ ဆောင်ရွက်နိုင်ပါက ဆေးရုံသို့ လာရောက်သော လူနာ လျော့နည်းသွားမည်ဖြစ်ပြီး ဆေးရုံ၏ အလုပ်ပမာဏ (workload ) လျော့ကျသွားမည်ဖြစ်ပါကြောင်း။

ရောဂါရှာဖွေရေး လုပ်ငန်းအတွက် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လက်ရှိဘူးသီးတောင်၊ မောင်တောဒေသတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများ အခြေအနေ၊ စိတ်ပိုင်းဆိုင်ရာ ပြန်လည်မြှင့်တင်ပေးရေးနှင့် အသိအမှတ်ပြုဂုဏ်ပြုရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး တင်ပြမှုများအပေါ် လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment