Wednesday, July 19, 2017

Family Planning Summit အစည်းအဝေးနှင့် ASEAN-Japan Health Ministers Meeting on Universal Health Coverage (UHC) and Population Ageing အစည်းအဝေးများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်

နေပြည်တော် ဇူလိုင် ၁၉
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့၌ ဇူလိုင် (၁၀) ရက်မှ (၁၁)ရက် ထိကျင်းပခဲ့သည့် Family Planning Summit နှင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ဇူလိုင် (၁၄)ရက်မှ (၁၅)ရက်အထိ ကျင်းပခဲ့သည့် ASEAN-Japan Health Ministers Meeting on Universal Health Coverage (UHC) and Population Ageing အစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်လ (၁၀)ရက်နေ့တွင် ဗြိတိန်နိုင်ငံ၊ လန်ဒန် မြို့ County Hall တွင်ကျင်းပသည့် Family Planning Summit သို့တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ မိခင်နှင့်ကလေး သေဆုံးမှုလျော့ချနိုင်ရေးနှင့် ဆင်းရဲမွဲတေမှုပပျောက်ရေး အတွက် အဓိကအရေးကြီးသည့် မိသားစုစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပိုမိုတွန်းအား ပေးဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အဆိုပါ စီမံကိန်းအောင်မြင်ရေးအတွက် ရန်ပုံငွေများပိုမိုထည့်ဝင် ဆောင်ရွက် ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆေးပစ္စည်းများ စဉ်ဆက်မပြတ်ရရှိနိုင်စေရေးနှင့် ကျန်းမာရေးဆိုင်ရာသတင်း အချက် အလက်များပိုမို မှန်ကန်တိကျစွာ စုဆောင်းထားရှိရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံအသီးသီး၏ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာတရား၊ ယုံကြည်ကိုးကွယ်မှုအလိုက် မိသားစုစီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် နည်းလမ်းရှာဖွေဖော်ထုတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်(၁၁)ရက်တွင် အစုအဖွဲ့အလိုက် အရေးကြီးကဏ္ဍများ တင်ပြညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး Domestic Solutions for Sustainable Family Planning Financing to 2030 and Beyond ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်(၁၂)ရက် နံနက်ပိုင်းတွင် Novotel Waterloo Hotel ၌ ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (Department for International Development - DFID) ဝန်ကြီး Mr. Burd's  နှင့်တွေ့ဆုံ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး မွမ်းမံပြင်ဆင်ရေး ဒုတိယအဆင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ဝေးလံခေါင်ဖျားဒေသများနှင့် ပြည်နယ်များတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဆေးပညာသင်ကြားရေး၊ ကုသရေးနှင့် သုတေသန လုပ်ငန်းများတွင် Myanmar-UK Health Alliance အဖွဲ့မှတစ်ဆင့် DFID အကူအညီဖြင့် ဆောင်ရွက်ရေးနှင့် ဗြိတိန်နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ် (NHS) လုပ်ငန်းများအား လေ့လာရေးကိုယ်စားလှယ် စေလွှတ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင်(၁၄)ရက် မွန်းလွဲပိုင်းတွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ Koyama Healthcare Group ၏ Camellia-Kai သက်ကြီးရွယ်အို ကျန်းမာရေးစောင့် ရှောက်မှုဂေဟာသို့ သွားရောက်၍  ကျန်းမာရေးစောင့်ရှောက်မှု ပေးနေမှုများ၊ ဂေဟာ၏ဖွဲ့စည်းပုံနှင့် အဖိုး၊ အဖွားများအား အချိန် အပိုင်းအခြားလိုက် လက်ခံဆောင်ရွက်ပေးနေမှုများ၊ ရန်ပုံငွေရရှိရေးနှင့် သက်ကြီးရွယ်အို ကျန်းမာရေး စောင့်ရှောက်မှုအတွက် အာမခံစနစ်ထားရှိပုံနှင့် ကျန်းမာရေး စောင့်ရှောက်မှုကုန်ကျ စရိတ်လက်ခံရရှိမှုဆိုင်ရာ စီမံခန့်ခွဲမှုကိစ္စရပ်များကို လေ့လာခဲ့သည်။
ဆက်လက်၍ ညနေပိုင်းတွင် တိုကျိုမြို့ Hilton Odaiba Hotel ၌ ဂျပန်ုနိုင်ငံ အလုပ်သမား လူမှုဖူလုံရေးနှင့် ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Yasuhisa Shiozaki နှင့်တွေ့ဆုံ၍ ဂျပန်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများအတွင်း ကျန်းမာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံမှပညာတော်သင်များ လက်ခံ သင်ကြားပေးနေမှုဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေး စောင့်ရှောက်မှုစနစ်မြှင့်တင်ပေးရေးနှင့် ပြည်နယ်နှင့်တိုင်းများရှိ အထွေထွေရောဂါကုဆေးရုံများတွင် လိုအပ်လျက်ရှိသည့် အခြေခံအဆောက်အဦးများ တိုးချဲ့ဆောက်လုပ်နေမှု ဆိုင်ရာ ကိစ္စရပ်များ၊ ရန်ကုန်မြို့၌ အထွေထွေရောဂါကုဆေးရုံသစ်ကြီး တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို  ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် (၁၅) ရက်တွင် တိုကျိုမြို့ Hilton Odaiba Hotel တွင်ကျင်းပပြုလုပ်သည့် ASEAN-Japan Health Ministers Meeting on Universal Health Coverage (UHC) and Population Ageing အစည်းအဝေးသို့ တက်ရောက်သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇူလိုင် (၁၅)ရက် ညပိုင်းတွင် ဂျပန်-မြန်မာ Association ဥက္ကဌဖြစ်သူ မစ္စတာဝါတာနာဘေး နှင့်တွေ့ဆုံ၍ ပဏာမ သွားကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ဂျပန်နိုင်ငံမှ သွားဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ သွားကုသရေးခုံနှင့် ပစ္စည်းကိရိယာများ ဂျပန်နိုင်ငံမှ လှူဒါန်းမည့် ကိစ္စရပ်များ၊ ရန်ကုန်မြို့၌ အထူးကုဆေးရုံသစ် တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment