Sunday, July 30, 2017

တောင်ပြုံးပွဲတော် ကျင်းပမှု ရက်ရွှေ့ဆိုင်းခြင်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး သတင်းထုတ်ပြန်

နေပြည်တော် ဇူလိုင် ၃၀
 
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရာသီတုပ်ကွေးရောဂါ Seasonal Influenza A (H1N1) pdm 2009 ဖြစ်ပွားမှုနှင့် ပတ်သက်၍ (၂၉-၇-၂၀၁၇) ရက်နေ့ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၆) အရ တစ်နိုင်ငံလုံး အတိုင်းအတာအရ H1N1 သံသယလူနာ (၁၃၈) ဦး ဆေးရုံတက်ရောက် ကုသပြီး H1N1 ရောဂါရှိ လူနာ (၄၁) ဦး၊ သေဆုံးသူ (၇) ဦး ရှိခဲ့ကြောင်း သိရှိရပါသည်။

H1N1 ရောဂါပိုးသည် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်းနှင့် ကူးစက်ပျံ့ပွားမှု လွယ်ကူခြင်းကြောင့် ပြည်သူလူထုကျန်းမာရေး လုံခြုံမှုအတွက် လွန်စွာ အန္တရာယ်ကြီးမားကြောင်း သိရှိရပါသည်။
၎င်းအပြင် နှစ်စဉ်ကျင်းပလျက်ရှိသည့် တောင်ပြုံးပွဲတော်ကျင်းပသည့် ရက်များမှာ H1N1 ရောဂါဖြစ်ပွားနေဆဲ ကာလအတွင်း ကျရောက်ပြီး ပွဲတော်ရက်မှာ (၃၁-၇-၂၀၁၇) ရက်နေ့မှ (၇-၈-၂၀၁၇) ရက်နေ့အထိ ဖြစ်ပါသည်။ ပွဲတော်ရက်အတွင်း တစ်နိုင်ငံလုံးမှ လာရောက်သည့် ပမာဏမှာ နေ့စဉ်အင်အား တစ်သိန်းဝန်းကျင်ခန့် ရှိသဖြင့် H1N1 ရောဂါဖြစ်ပွားမှုနှင့် ပျံ့ပွားမှုသည် ပြည်သူလူထုတစ်ရပ်လုံးအတွက် အထူးစိုးရိမ်ဖွယ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
H1N1 ရောဂါဖြစ်ပွားမှုအပေါ် မူတည်၍ ပြည်သူလူထု ကျန်းမာရေးလုံခြုံမှုအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တောင်ပြုံးပွဲတော်ကျင်းပခွင့်ကို H1N1 ရောဂါ ထိန်းချုပ်နိုင်သည့် ကာလအထိ ပွဲတော်ရက်ကို အရေးပေါ် ရွှေ့ပြောင်းသင့်သည်ဟု သုံးသပ်ပါသည်။
သို့ဖြစ်ပါ၍ တစ်နိုင်ငံလုံးရှိ ပြည်သူလူထု၏ ကျန်းမာလုံခြုံမှု ရှိစေရေးအလို့ငှာ တောင်ပြုံးပွဲတော် ကျင်းပခြင်းကို (၃၁-၇-၂၀၁၇) ရက်နေ့မှ စ၍ H1N1 ရောဂါ ထိန်းချုပ်နိုင်သည့် ကာလအထိ ရက်ရွှေ့ဆိုင်းလိုက်သည်။
ဒေါက်တာဇော်မြင့်မောင်
ဝန်ကြီးချုပ်

No comments:

Post a Comment