Friday, July 21, 2017

သက်ကြီးဘိုးဘွားများအား ကုသိုလ်ဖြစ် အာဟာရဒါနပြုခြင်းနှင့် အခမဲ့ဆေးကုသပေး

မယ်စဲ့ ဇူလိုင် ၂၁
ကယားပြည်နယ် မယ်စဲ့မြို့ရှိသက်ကြီးဘိုးဘွားများအား အခမဲ့ကုသိုလ်အဖြစ် အာဟာရဒါနပြုခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို အပတ်စဉ် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၂၁ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ခံ ဆရာဝန်ဒေါက်တာအောင်ဇော်ထွန်း ဦးဆောင်၍ လက်ထောက်ဆရာဝန် ဒေါက်တာကောင်းမြတ်သူနှင့် သူနာပြုဆရာမများက သက်ကြီးဘိုးဘွားများအား သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ လေငန်းရောဂါ အစရှိသည့် အထွေထွေရောဂါများကို အခမဲ့ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးလာရောက်ကုသသော သက်ကြီးဘိုးဘွားများအား အခမဲ့ကုသိုလ်အဖြစ် ကြာဇံကျော် အာဟာရဒါနပြုခဲ့ကြောင်း သိရသည်။
"ကျွန်မတို့ကို အခုလိုအပတ်စဉ်အခမဲ့ဆေးကုသပေးတဲ့အပြင် အာဟာရဒါန ကျွေးမွေးခဲ့တဲ့ ဆရာဝန်တွေ ဆရာမတွေကို ကျေးဇူးတင်ပါတယ်။ မြို့နယ်တွင်းမှာရှိတဲ့ အသက်အရွယ်ရနေတဲ့ အဘိုးအဘွားတွေကိုမြို့နယ်ပြည်သူ့ဆေးရုံမှာ အပတ်စဉ်သောကြာနေ့တိုင်း ဆေးကုသပေးတယ်ဆိုတော့ နီးနီးနားနားနဲ့ သွားရတာ အဆင်ပြေတယ်။ အဘိုးအဘွားတွေအပေါ် စိတ်ရှည်သည်းခံပြီး ကုသပေးနေတာမြင်ရတော့ ဝမ်းသာပီတိဖြစ်မိပါတယ်"ဟု အသက်၇၀ခန့် အရွယ်ရှိ အဘွားအိုတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ဝတ်ရည်(ပြန်/ဆက်)

No comments:

Post a Comment