Saturday, July 8, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တိုင်းရင်းသားကျေးရွာများ အရောက် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် အတူ ယမန်နေ့ ညနေပိုင်းတွင် စစ်တွေမြို့၊ ဆေးသမားကြီး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး စခန်း တာဝန်ခံများ၊ စခန်းတွင် နေထိုင် သူများနှင့် တွေ့ဆုံပြီး အမျိုးသမီးများနှင့် ကလေးများအတွက် အ၀တ်အထည်များ၊ စားစရာများနှင့် ကစားစရာ အရုပ်များပေးအပ်သည်။

ထို့နောက် ဆပ်ရိုးကျ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိပြီး ဆပ်ရိုးကျကွက်သစ် တည်ဆောက် ထားမှု၊ လိုအပ်ချက်ဖြစ်သော လျပ်စစ်ဓါတ်အားရရှိရေး၊ နေအိမ်သုံး မီတာပုံးများ တပ်ဆင်ပေးရေး တို့ကို ထောက်ပံ့မှုပေးရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး အမျိုးသမီးများနှင့် ကလေးများအတွက် အ၀တ်အထည်များ၊ စားစရာများနှင့် ကစားစရာအရုပ်များပေးအပ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး အဘိုး(၈)ဦး၊ အဘွား(၂၈)ဦးတို့အားငွေနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းပေးအပ်သည်။
ထို့နောက် မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာနှင့် ပေါက်တောပြင်ကျေးရွာသို့ လည်းကောင်း၊ ညနေပိုင်းတွင် မင်းပြားမြို့နယ် နရမ်းကျေးရွာနှင့် ခေါင်းလောင်း ရွာသစ်ကျေးရွာများသို့ လည်းကောင်း ရောက်ရှိပြီး ဒေသခံ တိုင်းရင်းသားများနှင့် တွေ့ဆုံကာ ဒေသခံ ရခိုင်တိုင်းရင်းသားများ၏ လိုအပ်ချက်များ ဆွေးနွေး တင်ပြမှု အပေါ် ချက်ချင်းဆောင်ရွက်ပေးနိုင် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန အနေဖြင့် တိန်ညိုကျေးရွာ အမက ကျောင်း အတွက် အိမ်သာ(၂)လုံးဆောက်လုပ်ရန် ငွေကျပ်(၂၄)သိန်း၊ ဘုန်းတော်ကြီး ကျောင်းအတွင်း လမ်း ကွန်ကရစ်ခင်းရန် ငွေကျပ်(၅)သိန်း၊ ပေါက်တောပြင်ကျေးရွာ အထကခွဲကျောင်း အတွက် အိမ်သာ(၂)လုံး ဆောက်လုပ်ရန် ငွေကျပ်(၂၄)သိန်း၊ စာသင်ခုံများပြုလုပ်ရန် ငွေကျပ်(၉)သိန်း၊ ခေါင်းလောင်း ရွာသစ် ကျေးရွာ သောက်သုံးရေကန်ခြံစည်းရိုး ခတ်ရန် ငွေကျပ် (၂၅)သိန်း၊ ကျောင်းအိမ်သာ (၁)လုံး ဆောက် လုပ်ရန် ငွေကျပ်(၁၂)သိန်းတို့ကို ထောက်ပံ့ခဲ့သည်။ ထို့အပြင် ငွေကျပ်(၁၈၈)သိန်းကျော်တန်ဖိုးရှိ အမျိုး သမီးဝတ်၊ ကလေးဝတ်၊ မိုးကာအင်္ကျီ၊ ကျောင်းဝတ်စုံ၊ အနွေးထည်များကိုလည်း ထောက်ပံ့ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

 (သတင်းစဉ်)

No comments:

Post a Comment