Wednesday, July 12, 2017

ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


နေပြည်တော် ဇူလိုင် ၁၂
 
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ၀န်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေး ၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာနသည် ပညာရေး ၀န်ကြီးဌာနက အပ်နှံသော အခြေခံ ပညာကျောင်းသုံးစာအုပ်များ ပုံနှိပ်ခြင်း လုပ်ငန်းကို အဓိကထား ဆောင်ရွက်ပါကြောင်း၊ အခြေခံပညာ (မူလတန်း၊ အလယ်တန်း၊ အထက်တန်း) ကျောင်းသုံးစာအုပ်များ အားလုံးကို ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အထိ (၂၁)နှစ်ကြာ ပုံနှိပ်ပေးခဲ့ပါကြောင်း။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး ကျောင်းသူ၊ ကျောင်းသားများ အရည် အသွေးမြင့်မားစွာ ကိုင်တွယ် အသုံးပြုနိုင်စေရန် စာအုပ်အတွင်းသားကို နိုင်ငံခြားစက္ကူ ဖြူ၊ ချော Woodfree (70 gsm) ဖြင့်လည်းကောင်း၊ အဖုံးစက္ကူကို နိုင်ငံခြားကြွေချော Art Card (210 gsm) ဖြင့်လည်းကောင်း ပြောင်းလဲပုံနှိပ်ခဲ့ပါကြောင်း၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းသုံးစာအုပ် (သန်း ၂၀ ခန့်မှ ၃၅ သန်းထိ) ပြန်ကြားရေး ၀န်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီဌာနမှ ပုံနှိပ် ဆောင်ရွက်သွားရန် လျာထား စီစဉ်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပညာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများတွင် လိုအပ်လျက် ရှိသည့် ကျောင်းသုံးစာအုပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အပြီးသတ် ဆောင်ရွက် ပေးရမည့် အချိန်ကာလ သတ်မှတ်ချက်နှင့် စပ်လျဉ်းလည်းကောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ အတွင်းရေးမှူး ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျောင်းသုံးစာအုပ်များ အရည်အသွေးမြှင့် ထုတ်လုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ဆောင်ရွက်ပေးမည့် အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ကော်မတီအဖွဲ့ဝင်များက ကျောင်းသုံး စာအုပ်များ ရိုက်နှိပ်ဖြန့်ချိရေး လုပ်ငန်းစဉ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
အဆိုပါ အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် ပညာရေး ၀န်ကြီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

(သတင်းစဉ်)

No comments:

Post a Comment