Tuesday, July 11, 2017

ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၁၇ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက် အဖွင့်အမှာစကား ပြောကြား

နေပြည်တော် ဇူလိုင် ၁၁
၂၀၁၇ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင်  နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးသိန်းဆွေနှင့် ဒေါက်တာ မျိုးသိမ်းကြီး၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် သံတမန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ တက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ INGOs, NGOs များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးမြင့်ဆွေက  အဖွင့်အမှာစကား ပြောကြားရာတွင် ကမ္ဘာ့ ကုလသမဂ္ဂက  ကမ္ဘာ့လူဦးရေ သန်း (၅၀၀၀) ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးတွင် အရေးတကြီး ဖြေရှင်းရမည့် လူဦးရေဆိုင်ရာပြဿနာများကို အာရုံစိုက်မိလာစေရန်အတွက် ၁၉၉၀ ပြည့်နှစ် ကစပြီး ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊ ယခုနှစ် ကမ္ဘာ့လူဦးရေနေ့၏ ဆောင်ပုဒ်မှာ  "တိုင်းပြည်သာယာဖွံ့ဖြိုးဖို့ ကိုယ်တိုင် ပါဝင်ဆုံးဖြတ်လို့၊ မိသားစု စီမံကိန်းချမှတ်စို့" "Family Planning: Empowering People, Developing Nations" ဖြစ်ပါကြောင်း၊ ယခုနှစ် ဆောင်ပုဒ်၏ အဓိက ဦးတည်ချက်သည် လုံခြုံစိတ်ချရသည့် မိသားစု စီမံကိန်းများကို အမျိုးသမီးများကိုယ်တိုင် လိုလိုလားလား ချမှတ်ဆောင်ရွက်လာစေရေး စီမံဆောင်ရွက်ပေးရန် ဖြစ်ပါကြောင်း။
ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုအရ ယနေ့ကမ္ဘာ့လူဦးရေသည်  ၇ ဒသမ ၅ ဘီလီယံခန့် ရှိနေပြီဖြစ်ပါကြောင်း၊ ခရစ်နှစ် ၂၀၃၀ တွင် နောက်ထပ် ၁ ဘီလီယံတိုးလာပြီး ခရစ်နှစ် ၂၁၀၀ တွင် ၄ ဘီလီယံ ထပ်မံတိုးလာလိမ့်မည်ဟု ခန့်မှန်းထား ပါကြောင်း၊ ထိုသို့တိုးလာသည့် လူဦးရေအတွက် စားနပ်ရိက္ခာများ၊ ရေနှင့်အခြား အသုံးဝင် သယံဇာတများ ထပ်မံတိုးမြှင့် လိုအပ်လာမည်ဖြစ်ပါကြောင်း။
မွေးဖွားနှုန်းကိုကြည့်လျှင် ၁၉၅၀-၁၉၅၅ ခုနှစ်ဝန်းကျင်က မိခင်တစ်ဦး၏ မွေးဖွားနှုန်းသည် ကလေး ၅ ဦးနှုန်းရှိခဲ့ပြီး ၂၀၁၀-၂၀၁၅ ခုနှစ်တွင် ၂ ဒသမ ၅၁ ဦးနှုန်း ကျဆင်းလာသည်ကိုတွေ့ပါကြောင်း၊ ၂၀၅၀ ဝန်းကျင်တွင် ၂ ဒသမ ၂၅ ဦးနှုန်း ကျဆင်းလာမည်ဟု ခန့်မှန်းထားကြပါကြောင်း၊ မွေးဖွားနှုန်းကျဆင်းလာသော်လည်း ၂၀၅၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေသည် ၉ ဒသမ ၇ ဘီလီယံထိ ရောက်ရှိလာနိုင်ကြောင်းလည်း မျှော်မှန်းထားကြပါကြောင်း၊ ၂၀၅၀ ခုနှစ်တွင်ရှိလာမည့် လူဦးရေ ၉ ဒသမ ၇ ဘီလီယံကို ကြည့်လျှင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၈ ဒသမ ၄ ဘီလီယံနှင့် ဖွံ့ဖြိုးတိုးတက်ပြီးနိုင်ငံများတွင် ၁ ဒသမ ၃ ဘီလီယံရှိမည်ဟုလည်း ကြိုတင်ခန့်မှန်းထားကြပါကြောင်း။ 
ကလေးမွေးဖွားနှုန်း မြင့်မားလာခြင်းသည် ဆင်းရဲနွမ်းပါးမှုနှင့် ဆက်စပ်နေပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှ ပြည်သူများ သည် အလွန်အမင်း ဆင်းရဲနွမ်းပါးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ နေရဆဲဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကလေးမွေးဖွားနှုန်း မြင့်မားနေဆဲဖြစ်သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ယနေ့ကာလတွင် လူဦးရေတိုးနှုန်းကို လျှော့ချရန် နည်းလမ်းများစွာ ရှိနေသည့်အထဲမှ အထိရောက်ဆုံးနည်းလမ်းတစ်ခုသည် မိသားစုစီမံကိန်းနည်းလမ်းများကို ထိထိ ရောက်ရောက် အသုံးချနိုင်စေရန် ပံ့ပိုးပေးခြင်းပင် ဖြစ်ပါကြောင်း၊ မိသားစုစီမံကိန်းများ ရှိခြင်းအားဖြင့် လူ့အခွင့်အရေးများ မြှင့်တင်ပေးနိုင်ပြီး ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်သည့်အပြင် ကျန်းမာရေး၊ ပညာရေးနှင့် ကျား၊ မ သာတူညီမျှ ရှိရေး အပါအဝင် လူမှုဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတက မိသားစုစီမံကိန်း နည်းလမ်းများချမှတ်ပေးခြင်းနှင့် ဝန်ဆောင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်းသည်လည်း ကျန်းမာရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ၏ အဓိကရည်မှန်းချက် ပန်းတိုင်များပင် ဖြစ်ပါကြောင်း၊ သက္ကရာဇ် ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ တွင် မိသားစုစီမံကိန်းလည်းပါဝင်ပါကြောင်း၊ အဆိုပါပန်းတိုင်များကို ရောက်ရှိရန်အတွက် အမျိုးသမီးများ၏ မျိုးဆက်ပွား အခွင့်အရေးများကို နားလည်အသုံးချနိုင်စွမ်း အပေါ်တွင်လည်း မူတည်နေပါကြောင်း။
ခေတ်မီသားဆက်ခြားနည်းလမ်းများကို ရရှိအသုံးပြုနိုင်ခဲ့မည်ဆိုပါက ကမ္ဘာတစ်ဝန်းမှ သန်း(၆၀)သော အမျိုးသမီးများ အနေဖြင့် မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၁၆ ခုနှစ်တွင် သေဆုံးခဲ့ရသည့် ကိုယ်ဝန် ဆောင်မိခင်ပေါင်း သုံးသိန်း၏ သုံးပုံတစ်ပုံခန့်ကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ မိသားစု စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ကမ္ဘာတစ်ဝန်းတွင်ရှိသည့် အမျိုးသမီးများနှင့် ဇနီး မောင်နှံများ၏ ကျန်းမာရေးနှင့် အခွင့်အရေးများ ရရှိစေရန် ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်ပါ ကြောင်း။
သန်းပေါင်းများစွာသော အမျိုးသမီးများကို ကလေးအနည်းငယ်သာမွေးရန်၊ သင့် တင့်သည့် အသက်အရွယ်မှသာ မိသားစုဘဝကိုစတင်ရန်၊ ပညာရေးဆုံးခန်းတိုင်စေရန်၊ ပိုမိုကောင်းမွန်သည့် ဘဝများကိုတည်ဆောက်နိုင်စေရန်နှင့် ဆင်းရဲ နွမ်းပါးမှုမှ လွတ်မြောက်ရန်စသည့် အနာဂတ်မိသားစု စီမံကိန်းများကို ၎င်းတို့ကိုယ်တိုင် လိုလိုလားလား ပါဝင်ဆောင်ရွက် လာစေရန် မိမိတို့ ကူညီပေးကြရမည်ဖြစ်ပါကြောင်း။
ထို့ပြင် မြန်မာနိုင်ငံတွင် မိသားစုအရွယ်အစား ဘယ်ရွေ့ဘယ်မျှဖြစ်ရမည်ဟု သတ်မှတ်ထားခြင်းမရှိပါကြောင်း၊ တစ်ဦးချင်း စီ၏ ရွေးချယ်မှုပင်ဖြစ်ပါကြောင်း၊ ဇနီးမောင်နှံများအနေဖြင့် ၎င်းတို့၏ ရင်သွေးဦးရေကို ၎င်းတို့ကိုယ်တိုင် ရွေးချယ်နိုင်ကြ ပါကြောင်း။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၂၀၁၇ ခုနှစ်တွင်  ၅၃ ဒသမ ၄ သန်းခန့် ရှိလာ နိုင်ပါကြောင်း၊ ထိုအထဲတွင် အသက် ၁၅ နှစ်မှ  ၄၉ နှစ်ကြား ကလေးမွေးနိုင်သည့်အရွယ် အမျိုးသမီး ၁၅ သန်းခန့်ရှိ နိုင်ပါကြောင်း၊ မွေးဖွားနှုန်းနိမ့်သည့် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် အတန် အသင့် မြင့်မားနေဆဲဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း၊ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အမျိုးသမီး တစ်ဦးသည် ကလေး ၂ ဒသမ ၅ ယောက်နှုန်း မွေးဖွားသည်ကိုတွေ့ရပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ကြားတွင် မွေးဖွားမှုနှုန်းသည် ကွာဟမှုမြင့်မားနေသည်ကို တွေ့ရှိရပါကြောင်း၊ ချင်းပြည်နယ်တွင် အမျိုးသမီးတစ်ဦး၏ ကလေးမွေးဖွားနှုန်းသည် ၅ ယောက်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် ၂ ယောက်နှုန်းထက် လျော့နည်းသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
ယေဘုယျအားဖြင့် ကလေးမွေးဖွားနှုန်းသည် သန္ဓေတားနည်းအသုံးပြုမှုနှင့် ပြောင်းပြန်အချိုးကျနေသည်ကို တွေ့ရပါ ကြောင်း၊ မိမိတို့နိုင်ငံတွင် အိမ်ထောင်သည် အမျိုးသမီး အားလုံးနီးပါးသည် သန္ဓေတားနည်းများနှင့် ပတ်သက်သည့် ဗဟုသုတရှိကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ်တွင် ခေတ်မီသန္ဓေတားနည်းသုံးစွဲမှု ၅၀ ရာခိုင်နှုန်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ၆၀ ရာခိုင်နှုန်း ရောက်ရှိစေရမည်ဟု ၂၀၁၃ ခုနှစ်က ထုတ်ဖော်ပြောကြားခဲ့ပါကြောင်း၊ စစ်တမ်းများအရ ၂၀၀၇ ခုနှစ်တွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အတွင်း အိမ်ထောင်သည်အမျိုးသမီးများ၏ ခေတ်မီသားဆက်ခြား ဆေးဝါးသုံးစွဲမှု နှုန်းသည် ၃၈ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းအထိ တိုးတက်လာသည်ကို တွေ့ရပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် မိသားစုကျန်းမာရေး စီမံကိန်း ၂၀၂၀ တွင် ပါဝင်ကတိပြု ထားသည့်အတိုင်း အကောင်အထည်ဖော်နိုင် ကြောင်းကိုပြသခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း လိုအပ်ချက်များရှိနေဆဲ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီး ၆ ဦး၌ ၁ ဦးသည် သားဆက်ခြားဆေးဝါးများ သုံးချင်သော်လည်း အသုံးပြု နိုင်ခြင်းမရှိသည်ကို တွေ့ရပါကြောင်း။
ထို့ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် “မျိုးဆက်ပွားကျန်းမာရေး ငါးနှစ်တာမဟာဗျူဟာ စီမံကိန်း (၂၀၁၄-၂၀၁၈)”ကို ရေးဆွဲပြီးမြန်မာနိုင်ငံ၏ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဟန်ချက် ညီညီဖြင့် ထိရောက်စွာဖြည့် ဆည်းပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီစီမံကိန်း၏ ရည်ရွယ်ချက်သည် သန္ဓေ တားဆေး အသုံးပြုလိုသော်လည်း အသုံးမပြုနိုင်သည့် ရာခိုင်နှုန်းကို လျှော့ချရန်၊ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို လျှော့ချနိုင်ရန်နှင့် သန္ဓေတားနည်းများကို လက်လှမ်း မမီဖြစ်နေသည့် လူမှုစီးပွားအခြေအနေ ကွာဟမှုများကို လျှော့ချနိုင် ရန် ဖြစ်ပါကြောင်း။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိ ကန်ဒေါ်လာ ၁ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၂ ဒသမ ၈ သန်း သုံးစွဲပြီး ဝေးလံခေါင်ဖျားဒေသမှ ပြည်သူများနှင့် ဆင်းရဲနွမ်းပါးသူများကို မိသားစုစီမံကိန်းဆိုင်ရာ ပစ္စည်းများ ထောက်ပံ့နိုင်ခဲ့ပါကြောင်း။
၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ယာ သန်းခေါင်စာရင်းအရ ကလေးအရှင် ၁ သိန်း မွေးဖွားတိုင်း မိခင် ၂၈၂ ဦး သေဆုံးနေ ဆဲဖြစ်သည်ဟု သိရပါကြောင်း၊ ၁၉၉၀ ခုနှစ်က သားဖွားမိခင် သေနှုန်းသည် ၅၂၀ ရှိခဲ့သောကြောင့် ၂၀၁၄ ခုနှစ်တွင် တဝက်လောက် လျော့ကျခဲ့သည်ဟု ဆိုနိုင်ပါကြောင်း၊ မိခင်နှင့်မွေးကင်းစကလေး သေဆုံးမှုများ၊ နာမကျန်း ဖြစ်မှုများကို လျှော့ချနိုင်ရန်အတွက် မိခင်နှင့် ကလေးစောင့်ရှောက်မှုနှင့် အသိပညာပေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြ ရန် တိုက်တွန်းလိုပါကြောင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုလုပ်ငန်းများကို လုပ်ဆောင်ရန် လိုအပ်သကဲ့သို့ တိုက်ရိုက် ဆက်စပ်နေသည့် မိသားစုစီမံကိန်းနှင့် မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ အရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် လူတိုင်းလက်လှမ်းမီအောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း၊ အလားတူ ပညာရေး ဝန်းကျင်များတွင်လည်း သင့်လျော်သည့် မျိုးဆက်ပွားပညာပေးလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရန် လည်း လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက်  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက နိုင်ငံတွင် အလုပ်လုပ်နိုင်သည့်အရွယ် လူဦးရေများ ပြားနေခြင်းသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်း တစ်ရပ် ဖြစ်ပါကြောင်း၊ ဤအခြေအနေကို “လူဦးရေဆုလာဘ်” ရရှိနေခြင်းဖြစ်သည်ဟု တင်စား၍ရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် မှီခိုသည့် လူဦးရေထက် အလုပ်လုပ်နိုင်သည့် လူဦးရေအချိုးအစား များနေပြီဆိုပါက တစ်ဦးချင်းဝင်ငွေ မြင့်မားလာမည်ဖြစ်ပါကြောင်း။
လူဦးရေဆုလာဒ်သည် Asian tigers ဟုခေါ်သည့် နိုင်ငံများတွင် စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်စေသည့် အဓိက မောင်းနှင်အား တစ်ခုဖြစ်ခဲ့ပါကြောင်း၊ ထို့ကြောင့် အာရှနိုင်ငံအများစုသည် ယင်းဆုလာဘ်ကို အမိအရ ဆုပ်ကိုင်နိုင်ရန် ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ Asian tigers များကဲ့သို့ ဖြစ်လာစေရန် မွေးနှုန်းနှင့် သေနှုန်းများ မြန်မြန်ဆန်ဆန် လျော့ကျရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး Ms. Renata Lok-Dessallien က နှုန်းခွန်းဆက် စကားပြောကြားသည်။
ထို့နောက် ၂၀၁၇ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်ဖြစ်သည့် “တိုင်းပြည်သာယာ ဖွံ့ဖြိုးဖို့ ကိုယ်တိုင်ပါဝင်ဆုံးဖြတ်လို့ မိသားစုစီမံကိန်းချမှတ်စို့” နှင့်ပတ်သက်သည့် Animation Video Clip ပြသခြင်းနှင့် ၂၀၁၇ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်သီချင်းဖြင့် တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ဆောင်ရွက်ကြပြီး တေးသရုပ်ဖော် ဖျော်ဖြေတင်ဆက် သော လူငယ်အဖွဲ့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က အမှတ်တရလက်ဆောင်များ ပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် ဒုတိယသမ္မတနှင့် ဧည့်သည်တော်များသည် အဆိုပါ ခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် ပြခန်းငယ်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။

(သတင်းစဉ်)

No comments:

Post a Comment