Friday, July 21, 2017

ကျောက်ပန်းတောင်းမြို့နယ် ပင်းချောင်းရေလှောင်တမံတွင် ကန်ရေပြည့်ဝင်ရောက်လျက်ရှိသဖြင့် မိုးစပါးအတွက် ရေအပြည့်အဝ ပေးဝေနိုင်မည်ဖြစ်

ကျောက်ပန်းတောင်း    ဇူလိုင်၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပင်းချောင်းရေလှောင်တမံတွင် ရေပြည့်ဝင်ရောက်လျက်ရှိပြီး၊ တာပေါင် ကြံ့ခိုင်မှု အခြေအနေနှင့် ရေဝင်ရောက်မှု အခြေအနေများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်လွင်နှင့် မြို့နယ်ဦးစီးအရာရှိတို့မှ ဇူလိုင်(၂၀)ရက်နေ့၊  မွန်းလွဲ(၃)နာရီက သွားရောက်ကြည်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မိုးဦးကာလ မိုးရွာသွန်းမှု ကောင်းခဲ့သဖြင့် အဆိုပါ ပင်းချောင်းရေလှောင်တမံတွင် ရေဝင်ရောက်မှု များပြား ခဲ့ကြောင်းသိရသည်။ အဆိုပါ ပင်းချောင်းရေလှောင်တမံမှာ ကန်ရေပြည့်ရေလှောင်ပမာဏ (၁၈၉၀၀) ဧကပေ သိုလှောင်နိုင်ပြီး၊ ကန်ရေပြည့် အမှတ်မှာ( ၇၉၀)ပေဖြစ်ကြောင်း သိရပြီး၊ လက်ရှိအခြေအနေတွင် ရေဝင်ရောက်မှုမှာ ( ၁၈၅၃၂) ဧကပေရှိပြီး၊ ရေမှတ်မှာ (၇၈၉.၅)ပေသို့ ရောက်ရှိနေရာ၊ ကန်ရေပြည့်ရန် (၆)လက်မသာ လိုကြောင်း သိရသည်။ ၄င်း ပင်းချောင်း ရေလှောင်တမံတွင် ယခုရက်ပိုင်းအတွင်း မိုးဆက်လက်ရွာသွန်းမည်ဆိုပါက ကန်ရေပြည့်ပြီး ရေပိုလွှဲမှ ရေကျော်နိုင်သဖြင့် ပင်းချောင်း ဘေးအောက်ဖက် ကျေးရွာများ အနေဖြင့် ချောင်းအားဖြတ်သန်းသွားလာရာတွင် လည်းကောင်း၊ ချောင်းအတွင်းရေချိုးရာတွင် လည်းကောင်း သတိထားဆောင်ရွက်ကြရန်၊ ကျောက်ပန်းတောင်းမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အသိပေးအကြောင်းကြားထားကြောင်း သိရသည်။ အဆိုပါ ပင်းချောင်းရေလှောင်တမံရေ ဝင်ရောက်မှုများပြားပြီး၊ ရေဧကပေ ပြည့်မီသဖြင့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း မိုးစပါးလျာထားဧက(၁၂၀၀)အား စိုက်ပျိုးရေ အပြည့်အဝ ပေးဝေနိုင်မည်ဖြစ်ကြောင်း  သိရသည်။
အဆိုပါ ပင်းချောင်း ရေလှောင်တမံ ရေ၀င်ရောက်မှု အခြေအနေနှင့် တမံကြံ့ခိုင်မှု အခြေအနေများကို ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး  ဦးမောင်လွင်၊ မြို့နယ်ဦးစီးအရာရှိ ဦးညွန့်ဝင်းနှင့် ဝန်ထမ်းများ လိုက်ပါ စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နေအောင်(iprd)

No comments:

Post a Comment