Saturday, July 22, 2017

ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထောက်အကူပြုပစ္စည်းများ လွှဲပြောင်းပေးအပ်

ရန်ကုန် ဇူလိုင်၂၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံသို့ ဂျပန်နိုင်ငံ International University of Health and Welfare (IUHW) မှ လှူဒါန်းသော ကိုယ်အင်္ဂါ ပြန်လည်သန်စွမ်းရေး အထောက်အကူပြု ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်မြို့နယ် ကျိုက်ဝိုင်း ဘုရားလမ်းနှင့် မင်းဓမ္မလမ်းဒေါင့်ရှိ အဆိုပါ ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုလှူဒါန်းသော ပစ္စည်းများသည် ဆေးရုံအတွက် အမှန်တကယ်လိုအပ်သည့် ပစ္စည်းများဖြစ်သည့်အတွက် ဆေးရုံတွင် ဆောင်ရွက်လျှက်ရှိသော ပြန်လည်သန်စွမ်းရေး နှင့် ကုသရေးလုပ်ငန်းများကို ကောင်းစွာအထောက်အကူ ပြုမည်ဖြစ်ပါကြောင်း၊
လှူဒါန်းသည့်ပစ္စည်းများသည် ဆေးရုံတွင် ကုသမှုခံယူနေသော လူနာများအတွက် သာမက ဆရာဝန်များနှင့် ပညာရပ် ဆိုင်ရာ ကျွမ်းကျင်သူများအတွက် သင်ကြားမှု အထောက်အကူပြု ပစ္စည်းအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်ပြီး ပြန်လည်သန်စွမ်းရေးဆိုင်ရာ သုတေသနလုပ်ငန်းများအတွက်လည်း အထောက်အကူပြုစေမည် ဖြစ်ပါကြောင်း၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ဂျပန်နိုင်ငံမှ International University of Health and Welfare (IUHW) နှင့် သင်ကြားရေးကဏ္ဍ အပါအဝင် အခြားကဏ္ဍများတွင်လည်း နားလည်မှုစာချွန်လွှာရေးထိုး၍ ရေရှည် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ လှူဒါန်းမှုအတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဂျပန်နိုင်ငံသံရုံးမှ Minister - Councellor / Deputy  Chief of Mission ဖြစ်သူ Mr. Ichiro  Maruyama နှင့် IUHW Chairman Mr. Takagi Kuninori တို့က အမှာစကားများပြောကြားကြပြီး IUHW နှင့် ပတ်သက်သည့် ဗီဒီယိုကိုပြသသည်။
ထို့နောက် IUHW မှလှူဒါန်းသော ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထောက်အကူပြု ပစ္စည်းများကို IUHW Chairman Mr. Takagi Kuninori ကပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ ယင်းနောက် ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်သီတာအောင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ သည်။ ယင်းနောက် Professor Yoko Sugawara က ပစ္စည်းများလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် IUHW မှ လှူဒါန်းသော ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေး အထောက်အကူပြုပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ IUHW မှလှူဒါန်းသော ကိုယ်အင်္ဂါပြန်လည် သန်စွမ်း ရေး အထောက်အကူပြု ပစ္စည်းများမှာ အမျိုးအစား (၁၆) မျိုး၊ အရေအတွက် (၂၂၀၀) ရှိပြီး တန်ဖိုး အမေရိကန် ဒေါ်လာ (၂) သိန်းဖိုးခန့် ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် အားကစားနှင့်ကာယပညာ သိပ္ပံ (ရန်ကုန်) သို့ ရောက်ရှိပြီး ပြည်ထောင်စု ခန်းမ၌ ပြသထားသော Outdoor fitness centre များအတွက် အများပြည်သူအသုံးများသည့် ခြေထောက်လွှဲ၊ လက်လှည့်၊ ခြေသလုံးကျိတ် ခါးလှည့်၊ အိပ်ထမတင်စသည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများအား ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် မြန်မာနိုင်ငံ မြားပစ်အဖွဲ့ချုပ်သို့ရောက်ရှိပြီး တက္ကသိုလ်များ အခြေခံမြားပစ်သင်တန်း (၁/၂၀၁၇) မှ သင်တန်းသား/ သင်တန်းသူများ၏ သင်တန်းဆင်း လက်ရည်စစ်ပြိုင်ပွဲအား ကြည့်ရှုအားပေးသည်။
ညနေပိုင်းတွင် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ အားကစားနှင့် ကာယပညာသိပ္ပံ ကျောင်း(၆) ကျောင်းအတွက် ရွှေပါရမီပဲနို့အာဟာရ ဖောင်ဒေးရှင်းမှ ပဲနို့စက်နှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား သို့ တက်ရောက်သည်။
အခမ်းအနားတွင် ရွှေပါရမီပဲနို့ အာဟာရဖောင်ဒေးရှင်းမှ တာဝန်ရှိသူက ပဲနို့ကြိတ်စက်(၅)လုံး ၊ ပဲအိတ် (၁၀)အိတ်၊ သကြားအိပ်(၅)အိတ်၊ ပဲနို့ထည့်ချိုင့် (၁၀)လုံးတို့အား လှူဒါန်းရာ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင် ကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။

(သတင်းစဉ်)

No comments:

Post a Comment