Thursday, July 6, 2017

မြန်မာ-မော်ရိုကို နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရေး ဆွေးနွေး

နေပြည်တော် ဇူလိုင် ၅
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မော်ရိုကိုနိုင်ငံ ရာဘတ်မြို့၌ ဇူလိုင် ၃ ရက်က ကျင်းပသည့် ပထမအကြိမ် မြန်မာ-မော်ရိုကို နှစ်နိုင်ငံညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက် ခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် မော်ရိုကို နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Mounia Boucetta ဦးဆောင်သည့် မော်ရိုကို ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ညှိနှိုင်း ဆွေးနွေးပွဲ ယန္တရားအား စတင်ထူထောင်နိုင်ခြင်း အပေါ် ကြိုဆိုခဲ့ကြပြီး မြန်မာ-မော်ရိုကို နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။
ထို့ပြင် ၂ဝ၁၈ ခုနှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ် ၄ဝ ပြည့် အထိမ်းအမှတ်အစီအစဉ်များ ပြုလုပ်ရေးနှင့် ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွား ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင် အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ရခိုင်ပြည်နယ်၏ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုအခြေအနေတို့ကို လည်းကောင်း၊ မော်ရိုကို ဒုတိယဝန်ကြီးက မော်ရိုကိုနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုအခြေအနေများကို လည်း ကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မော်ရိုကို ဒုတိယဝန်ကြီးက တည်ခင်းသည့် အလုပ်သဘော နေ့လယ်စာစားပွဲ၌ ဒေသတွင်းနှင့် အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးကျော်တင်နှင့် မော်ရိုကိုနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး Mrs. Mounia Boucetta တို့သည် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ညှိနှိုင်း ဆွေးနွေးပွဲ ယ္တရားထူထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလည်းကောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် အစိုးရနှင့် မော်ရိုကို အစိုးရတို့ အကြား သံတမန်နှင့် အထူး/ဝန်ထမ်း နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် ပြည်ဝင်ဗီဇာ ကင်းလွတ်ခွင့်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုအပြီး နှစ်နိုင်ငံ ဒုတိယနိုင်ငံခြားရေး ဝန်ကြီးများသည် ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး အစည်းအဝေးဆွေးနွေးချက်များမှ အဓိကအချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့ပြင် ဒုတိယဝန်ကြီးသည် ရာဘတ်မြို့ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၌ ဖွင့်လှစ်ထားရှိသည့် မော်ရိုကို သံတမန်ရေးရာ လေ့လာရေးအကယ်ဒမီသို့ သွားရောက်လေ့လာခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။
(သတင်းစဉ်)

No comments:

Post a Comment