Wednesday, July 26, 2017

ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးက တောင်သူများအား စိုက်ပျိုးရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်



ညောင်ဦး    ဇူလိုင်    ၂၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးကြပ်မှု အစီအစဉ်ဖြင့် (R.S) မှ (C.S) မျိုးစေ့ထုတ် (၁၀) ဧက၊ SRI (၅) ဧကနှင့် စိုက်နည်းစနစ်(၄)ဧက စိုက်ပျိုးဆောင်ရွက်မည့် တောင်သူများအား ဇူလိုင် ၂၅ ရက် မွန်းလွဲ ၁ နာရီက ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ လိုအပ်သော စိုက်ပျိုးရေးသုံးပစ္စည်းများအား ညောင်ဦးမြို့နယ် အထက်ဉာည့်ကျေးရွာအုပ်စုနှင့် ကန်တောကျေးရွာအုပ်စုတို့မှ တောင်သူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရေးသုံးပစ္စည်းများအား တောင်သူများထံမပေးအပ်မီ ရှေးဦးစွာ ညောင်ဦးခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဖြူမာနှင့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီတို့က မျိုးစေ့ထုတ်လုပ်ငန်းများကို လည်းကောင်း၊ SRI စိုက်နည်းစနစ်၏ အားသာချက်များကို လည်းကောင်း၊ သီးနှံအထွက်နှုန်းကောင်းမွန်စေရေး စိုက်နည်းစနစ်(၄)မျိုး၏ ရည်ရွယ်ချက်များကို လည်းကောင်း ကဏ္ဍအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြသည်။ ထို့နောက် ညောင်ဦးခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်ဖြူမာ၊ မြို့နယ် ဦးစီးမှူး ဒေါ်ခင်ဌေးရီနှင့် နယ်မြေတာဝန်ခံဦးစီးအရာရှိ ဦးဝင်းကိုတို့က ညောင်ဦးမြို့နယ် အထက်ဉာည့်ကျေးရွာအုပ်စုနှင့် ကန်တောကျေးရွာ အုပ်စုတို့မှ တောင်သူ(၁၁)ဦးထံ တစ်ဦးချင်းအလိုက် တောင်သူစိုက်ပျိုးရေးသုံး ပံ့ပိုးပစ္စည်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိပါသည်။ 
ရဲဝင်းနိုင်(ညောင်ဦး)

No comments:

Post a Comment