Friday, July 7, 2017

အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၅)ရက်မြောက်နေ့ ကျင်းပ


နေပြည်တော် ဇူလိုင် ၆
 
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၅)ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပ ရာ အမျိုးသားလွှတ်တော် ကော်မတီ ၅ ခု ပြန်လည် ဖွဲ့စည်းခြင်းအား အသိပေးခြင်း၊ မေးခွန်း ၆ ခု မေးမြန်း ဖြေကြားခြင်းနှင့် ဥပဒေကြမ်း တစ်ခု အတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ တောင်သူ လယ်သမားရေးရာ  ကော်မတီ၊ အမျိုးသမီးနှင့် ကလေး သူငယ် အခွင့်အရေး ဆိုင်ရာ ကော်မတီနှင့် ပြည်တွင်းပြည်ပ အလုပ်သမား ဆိုင်ရာ ကော်မတီများ ပြန်လည်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြသည်။

ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ မောင်တောခရိုင် မောင်တော မြို့ ကျီးကန်းပြင် ဌာနချုပ်မှ ငွေတောင်ကျေးရွာသို့ ဆက်သွယ် သွားလာနိုင်ရေးအတွက် ကားလမ်း အသစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ကျီးကန်းပြင် ဌာနချုပ်နေရာမှ ငွေတောင်ကျေး ရွာသို့ ဆက်သွယ် သွားလာနိုင်ရေးအတွက် ကားလမ်းအသစ် ဖောက်လုပ်ပေးခြင်း လုပ်ငန်းအား ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှ တောင်းခံ ဆောင်ရွက်ပေးရန် တင်ပြချက်နှင့် စပ်လျဉ်း၍ ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေ အရ ဖြည့်စွက်ရန်ပုံငွေ တင်ပြတောင်းခံရာတွင် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် ခွင့်ပြုထားသော ရန်ပုံငွေဖြင့် မလုံလောက်သည့် အတွက် မဖြစ်မနေ ပေးချေရမည့် ကုန်သွယ် လုပ်ငန်းခွန်၊ ၀င်ငွေခွန်၊ နိုင်ငံတော်သို့ ထည့်ဝင်ငွေ၊ အမှန်လိုအပ်သော လစာစရိတ်၊ ပင်စင်နှင့် အတိုးပေးငွေတို့ကိုသာ တောင်းခံရန်၊ အမျိုးသား စီမံကိန်း ဥပဒေတွင် ပါဝင်ပြီး ရန်ပုံငွေ မလုံလောက်သည့် ကိစ္စများနှင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပြီးစီးနိုင်သည့် ကိစ္စရပ်များကိုသာ တောင်းခံရန် ဟူ၍ ဖော်ပြပါရှိပါကြောင်း။

ထိုကြောင့် လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ လုပ်ငန်းအား ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေဖြင့် တင်ပြဆောင်ရွက် ပေးနိုင်ခြင်း မရှိပါကြောင်း၊ မေးမြန်းချက်ပါ ကျီးကန်းပြင်ဌာနချုပ်မှ ငွေတောင် ကျေးရွာသို့ ကားလမ်းအသစ် ဖောက်လုပ်ပေးခြင်း လုပ်ငန်းအား မိမိဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးမှ တာဝန်ရှိသူများအား ကွင်းဆင်းစစ်ဆေးပြီး စိစစ်တွေ့ရှိချက် အပေါ်မူတည်၍ ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များကို လာမည့် ဘဏ္ဍာရေးနှစ်များအလိုက် ရန်ပုံငွေလျာထားတင်ပြ တောင်းခံပြီး ရန်ပုံငွေ ရရှိမှုအပေါ် အခြေခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၏ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို အပေါင် ထားပြီး လယ်ယာစိုက်ပျိုး ထုတ်လုပ်မှု အရင်းအနှီးများ ရရှိစေရန် ချေးငွေများ ထုတ်ချေးမည့် အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုပေးသော ဘဏ်များ တည်ထောင် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် တောင်သူလယ် သမားများ ဖွံ့ဖြိုးရေးဘဏ် ဖွဲ့စည်းတည်ထောင်ခြင်း၊ လုပ်ကိုင်ခြင်းနှင့် သက်ဆိုင်သော စည်းမျဉ်း အား ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့ပါကြောင်း။

အဆိုပါ စည်းမျဉ်းအပိုဒ် ၁၈ အရ တောင်သူ လယ်သမားများ၏ လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက် မှုကို ဖြစ်စေသော လုပ်ငန်းများအတွက် ငွေကြေးဝန်ဆောင်မှုပေးခြင်း၊ လယ်ယာလုပ်သားများနှင့် ကျေးလက်နေ အခြေခံလူတန်းစား များအတွက် ချေးငွေ ထုတ်ချေးပေးခြင်း၊ လယ်ယာနှင့် သားငါး လုပ်ငန်းဆိုင်ရာ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများကို အာမခံ အဖြစ်ရယူ၍ ချေးငွေပေးခြင်း တို့ကို ဆောင်ရွက်နိုင်ပါကြောင်း။

ထို့ကြောင့် တောင်သူလယ်သမားများ အနေဖြင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇)ကို အာမခံထား၍ ဘဏ်လုပ် ထုံးလုပ်နည်းများ နှင့်အညီ တောင်သူ လယ်သမားများ ဖွံ့ဖြိုးရေး ဘဏ်များတွင် ချေးငွေ ရယူနိုင် ပါကြောင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် တောင်သူလယ် သမားများ ဖွံ့ဖြိုးရေးဘဏ် ဖွဲ့စည်း လုပ်ကိုင်ခွင့်ကို စိစစ် ခွင့်ပြုပေးလျက်ရှိရာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ လတွင် ဧရာဝတီတိုင်းဒေသကြီး၌ ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်ကို လုပ်ငန်း လိုင်စင်ထုတ်ပေး ခဲ့သည့် အပြင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေး တိုင်းဒေသကြီး တို့တွင် အလားတူဘဏ်များ ဖွင့်လှစ်ခွင့်ကို မကြာမီ ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း။

မေးခွန်းပါ ကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများတွင် ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း တို့အား ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ဘဏ်၊ ငွေကြေးဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှလည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လယ်ယာမြေ လုပ်ပိုင် ခွင့်ပြု လက်မှတ်ပုံစံ (၇) ကို အာမခံအဖြစ် ရယူ၍ တောင်သူ လယ်သမားများအား ချေးငွေထုတ် ပေးနိုင်ရန် တောင်သူလယ်သမား ဖွံ့ဖြိုးရေး ဘဏ်များကို လုပ်ထုံးလုပ်နည်း နှင့်အညီ ဖွင့်လှစ်ခွင့်ပြုပေးလျက် ရှိပါကြောင်း ဖြေကြားသည်။

ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၏ ဝေါမြို့နယ် မိုးနတ် ကျေးရွာနှင့် သနပ်ပင်မြို့နယ် မင်းရွာ သို့ ဆက်သွယ်ထားသော မိုးနတ် - မင်းရွာ မြို့နယ်ချင်းဆက် ကိုယ်ထူကိုယ်ထ မြေသားလမ်း ၃ မိုင် ၂ ဖာလုံအား ရာသီမရွေး အသုံးပြုနိုင်သည့် ကုန်ထုတ်လမ်းမ ကြီးအဖြစ် ပြုပြင်တိုးချဲ့ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က ဝေါမြို့နယ် မိုးနတ်ကျေးရွာနှင့် သနပ်ပင် မြို့နယ် မင်းရွာသို့ ဆက်သွယ်ထားသည့် မြို့နယ်ကျေးရွာချင်းဆက် မြေသားလမ်း၏ လက်ရှိလမ်း အကျယ်မှာ ၈ ပေခန့်ရှိသဖြင့် သတ်မှတ်မြေသားလမ်း အကျယ် ၁၈ ပေ တိုးချဲ့ ဆောင်ရွက်နိုင်ရန် အတွက် လမ်း၏ တစ်ဖက်ခြမ်း တစ်လျောက်ရှိ လယ်မြေများ ပိုင်ဆိုင်သည့် လယ်ပိုင်ရှင်များနှင့် ဆွေးနွေးမှုပြုလုပ်ပြီး လယ်ပိုင်ရှင်များ လှူဒါန်းပေးမှသာ ရာသီမရွေး သွား လာနိုင်သော ကုန်ထုတ် လမ်းမကြီး အဖြစ် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာ ရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ မူလလျာထား လုပ်ငန်းများ စာရင်းတွင် ပါဝင်ခြင်း မရှိသဖြင့် ဆောင်ရွက်ပေး နိုင်ခြင်း မရှိပါကြောင်း ဖြေကြားသည်။

ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးငွန်ဟေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒ နယ်အမှတ်(၇)မှ ဦးရဲမြင့်စိုးနှင့် တနင်္သာရီ တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း တို့ ၏ မေးခွန်းများ နှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်တို့က ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။

ထို့နောက် စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအား ကော်မတီဝင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးစိုင်းထွန်းအောင်က ဖတ်ကြားတင်ပြပြီး လွှတ်တော်က တစ်ပိုဒ်ချင်းစီ အလိုက် အတည်ပြုသည်။

ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေကြမ်း အား လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် အဆိုတင် သွင်းရာ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါ်မြတ် သီတာထွန်းက ထောက်ခံဆွေးနွေးသည်။

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက စာချုပ်စာတမ်းများ မှတ်ပုံတင် ဥပဒေ ကြမ်း နှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (၂၆)ရက်မြောက်နေ့ကို ဇူလိုင် ၇ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရှိရသည်။ 

သူရဇော်(သတင်းစဉ်)

No comments:

Post a Comment