Thursday, July 27, 2017

အပူပိုင်းဇုန်အတွင်း ကျရောက်သော ခရိုင်(၄)ခုရှိ မြို့နယ် (၁၇) မြို့နယ်တွင် အမျိုးအစား (၄)ခု ပါဝင်သော သစ်တော စိုက်ခင်း ဧက (၁ဝဝဝ) တည်ထောင်သွားမည်



မုံရွာ    ဇူလိုင်     ၂၇
အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်း၊ ယင်းမာပင်ခရိုင် အတွင်းရှိ မြို့နယ် (၁၇) မြို့နယ်တို့တွင် စိမ်းလန်းလာစေရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဧက (၁၀၀၀)ကို တည်ထောင်သွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ သိရသည်။


အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တည်ထောင်စိုက်ပျိုးပေးမည့်ဧက(၁၀၀၀)တွင် သစ်တောသစ်ပင်များ ပြန်လည်စိမ်းလန်းလာစေရန်၊ စိုက်ပျိုးမြေများ၏ မြေဆီမြေလွှာများ ပျက်စီးဆုံးရှုံးမှုများမှ ကာကွယ်နိုင်ရန်အတွက် ကျေးရွာသုံး စိုက်ခင်း (၆၀၀)ဧက၊ ရေဝေရေလွှဲစိုက်ခင်း (၁၃၀) ဧက၊ တောင်တန်းစိုက်ခင်း (၂၀၀)ဧက၊ အခြားစိုက်ခင်း (၇၀)ဧကတို့ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

''အပူပိုင်းဇုန်ထဲမှာ ကျရောက်နေသည့် မြို့နယ်တွေမှာ တစ်နှစ်ထက်တစ်နှစ် မိုးရွာသွန်းမှုက နည်းလာတယ်လို့ ပြောရမယ်၊ ၂၀၁၆ ခုနှစ်မှာ မိုးရွာရက် (၈) ရက်ရှိပြီး မိုးရေချိန် (၇)လက်မ ရှိခဲ့သည့် ကန့်ဘလူမြို့နယ်မှ ၂၀၁၇ ခုနှစ်ဇွန်လထဲမှာ မိုးရွာရက် (၄)ရက်မှာ မိုးရေချိန်(၃)လက်မခွဲပဲ ရတယ်၊ ၂၀၁၆ ခုနှစ်မှာ မိုးရွာရက် (၈) ရက်မှာ မိုးရေချိန်(၄)လက်မကျော်ရတဲ့ ဒီပဲယင်းမြို့နယ်နဲ့ မိုးရွာရက်(၅)ရက်မှာ မိုးရေချိန် (၀.၇) လက်မရတဲ့ ဘုတလင်မြို့နယ်တွေမှာ (၂၀၁၇) ခုနှစ်မှာ မိုးလုံးဝရွာသွန်းခဲ့ခြင်း မရှိပါဘူး၊ အဲဒီလိုအခြေအနေတွေမှာ သစ်တောသစ်ပင်တွေ ပျိုးထောင်ဖို့ဆိုတာ ဒေသခံပြည်သူတွေရဲ့ ပူးပေါင်းမှု ပါဝင်အားက ပိုပြီးတော့ အရေးကြီးပါတယ်၊ ကျွန်တော်တို့ဌာနအနေနဲ့ တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ပြည်သူတွေ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိတရာများ တိုးပွားလာစေဖို့၊ ပူးပေါင်းပါဝင်မှု အရှိန်မြင့်မားလာစေဖို့အတွက် အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင်နေပါတယ်၊ ပြည်သူတွေကလည်း အခုအခြေအနေထက် ပိုပြီးပူးပေါင်း ပါဝင်ကြမယ်ဆိုရင် ပိုပြီးအောင်မြင်လာမှာပါ''ဟု တိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး၏ ပြောကြားချက်အရ သိရသည်။

အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်းဒေသကြီးမှ စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့၊ မြင်းမူနှင့် မြောင်မြို့နယ် တို့တွင် ကျေးရွာသုံး စိုက်ခင်း (၅၀)ဧက၊ ရေဝေရေလွဲစိုက်ခင်း (၅၀)ဧက၊ အခြားစိုက်ခင်း(၅၀)ဧက စုစုပေါင်း (၁၅၀)ဧကအား လည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့၊ ချောင်းဦး၊ ဘုတလင်နှင့် အရောတော်မြို့နယ်တို့တွင် ကျေးရွာသုံး စိုက်ခင်း (၁၁၀)ဧက၊ တောင်တန်းစိုက်ခင်း (၂၀၀) ဧကစုစုပေါင်း (၃၁၀)ဧကအား လည်းကောင်း၊ ရွှေဘိုခရိုင်အတွင်းရှိရွှေဘိုမြို့၊ ခင်ဦး၊ ဝက်လက်၊ ကန့်ဘလူ၊ ရေဦး၊ တန့်ဆည်နှင့် ဒီပဲယင်းမြို့နယ်များတွင် ကျေးရွာသုံးစိုက်ခင်း (၃၇၀)ဧက၊ ရေဝေရေလွှဲ စိုက်ခင်း (၈၀) ဧကစုစုပေါင်း (၄၅၀)ဧကအား လည်းကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ ဆားလင်းကြီးမြို့၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်တို့တွင် ကျေးရွာသုံးစိုက်ခင်း (၇၀)ဧက၊ အခြားစိုက်ခင်း (၂၀)ဧက စုစုပေါင်း (၉၀)ဧကအား လည်းကောင်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment