Monday, July 10, 2017

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ ကော့သောင်း နယ်စပ်ဂိတ်မှ အဋ္ဌမအသုတ် ဝင်ရောက်လာသည့် မြန်မာ အလုပ်သမားများအား နှစ်သိမ့်အားပေး



ကော့သောင်း     ဇူလိုင်     
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် တာဝန်ရှိသူများအဖွဲ့သည် ဇူလိုင် ၉ ရက် ညနေပိုင်းက ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတဆင့် ကော့သောင်း နယ်စပ်ဂိတ်သို့ အဋ္ဌမအသုတ်အဖြစ် ပြန်လည်ဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား အမျိုးသား (၇၃)ဦး၊ အမျိုးသမီး(၄၀)ဦးနှင့် ကလေးငယ်(၉)ဦး အပါအဝင် (၁၂၂)ဦးအား ကူညီမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကော့သောင်းမြို့၊ မဥူသက ပြည်သူ့ခန်းမသို့ လာရောက်ကြည့်ရှု နှစ်သိမ့်အားပေးခဲ့ကြောင်း သိရသည်။

ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများအား ဝန်ကြီးချုပ်မှ နှစ်သိမ့်အားပေးစကား ပြောကြားပြီး အစားအသောက် ထမင်းဘူးနှင့် ရေသန့်ဘူးများ လှူဒါန်းကာ နေရပ်ပြန် အလုပ်သမား ကြိုဆိုလက်ခံကူညီမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေး ငွေကျပ်(၂၀)သိန်းအား ကော့သောင်းခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇူလိုင်လ (၉)ရက်နေ့ အထိ ကော့သောင်းနယ်စပ်ဂိတ်မှ  မြန်မာအလုပ်သမားဝင်ရောက်မှု အမျိုးသား (၇၅၁)ဦး ၊ အမျိုးသမီး (၃၆၈)ဦး၊ ကလေး(၇၅)ဦး အပါအဝင် စုစုပေါင်း (၁၁၉၄)ဦးရှိပြီဖြစ်ရာ အဆိုပါအလုပ်သမားများ မြန်မာနိုင်ငံနေရပ်ဒေသ အသီးသီးသို့ ပြန်နိုင်ရေး လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ မော်တော်ယာဉ်စီးနင်းခများ ဆက်လက် ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)

No comments:

Post a Comment