Sunday, July 30, 2017

Bago Yoma Eco Resort ဖွင့်ပွဲ အခမ်းအနား ကျင်းပ


နေပြည်တော် ဇူလိုင် ၃၀
ပဲခူးရိုးမဖြတ်လမ်း တစ်ခုဖြစ်သည့် အုတ်တွင်း-ပေါက်ခေါင်း မိုင်တိုင်အမှတ်(၄၃)၌ ဖြိုးစည်သူကုမ္ပဏီမှ တည်ဆောက်ထားသည့် Bago Yoma Eco Resort ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့ တက်ရောက်ကြသည်။

အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့က အမှာစကားများ အသီးသီး ပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုစေရန်အတွက် ၁၉၉၆ခုနှစ်တွင် သဘာဝအခြေခံ ခရီးသွား စခန်း (၁၅)ခုသတ်မှတ်ခဲ့ပြီး၊ ၂၀၁၁ခုနှစ်တွင် သဘာဝနယ်မြေ (၁၉)ခုနှင့် ဆင်စခန်း (၂)ခု  စုစုပေါင်း (၂၁)ခု အထိ တိုးချဲ့သတ်မှတ်ခဲ့ကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်ရာတွင် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ရေးတွင် အထောက်အကူပြုစေရန်၊ ဒေသခံ ပြည်သူများ၏ အလုပ်အကိုင်နှင့် ၀င်ငွေ တိုးတက်ရရှိရေးကို အထောက်အကူပြုစေရန်၊ ခရီးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန်၊ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းမှ တဆင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေး လုပ်ငန်းများတွင် ဒေသခံများ ပူးပေါင်းပါဝင်မှု မြှင့်တင်ရန် စသည့် ဦးတည်ချက်များဖြင့် လူမှုဘ၀ ဖွံ့ဖြိုးရေးတို့တွင် ဒေသခံများ ပူးပေါင်း ပါဝင်လာရေးတို့ကို ဦးတည်ချက်များ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဟိုတယ်နှင့် ခရီးသွာလာရေး ၀န်ကြီးဌာန အနေဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ သဘာဝအခြေခံ ခရီးစဉ်ဒေသ အသစ်များ ဖော်ထုတ်ခြင်း၊ သတ်မှတ် ထားပြီးဖြစ်သော သဘာဝအခြေခံ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများ ချမှတ် အကောင်အထည်ဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းသည် အရေးကြီးသော ကဏ္ဍ တစ်ခုအနေဖြင့် ပါဝင်နေကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုများ တွင်လည်းကောင်း၊ ချင်းပြည်နယ်ရှိ ရိဒ်ရေကန်၊ ခေါ်နူးစုမ် အမျိုးသားဥယျာဉ်၊ ကချင်ပြည် နယ်ရှိ ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်၊ ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော စသည့် သဘာဝအခြေခံ ခရီးစဉ်ဒေသများတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားကုမ္ပဏီများ၊ ဟိုတယ်လုပ်ငန်းရှင် များနှင့် သတင်းမီဒီယာများ အနေဖြင့် ယခုဖွင့်လှစ်သည့် ပဲခူးရိုးမသဘာဝ သစ်တော အတွင်းရှိ သဘာဝ အခြေခံ ခရီးစဉ်အသစ်ကို  ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များ ပိုမိုသိရှိစေရန် ဈေးကွက် တင်ရောင်းချခြင်း၊ ခရီးစဉ်မြှင့်တင်ခြင်း တို့ကို ပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းမှ တောင်လည်တိုက်နယ် ဆေးရုံသို့ ခွဲစိတ်ခန်း အထောက်အကူ ပြုပစ္စည်းများ လှူဒါန်းပြီး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းမောင်မှ တောင်လည်တွဲဖက် အ.ထ.က ကျောင်းသို့ စာရေးခုံများ လှူဒါန်းသည်။
ဆက်လက်၍ ဖြိုးစည်သူ ကုမ္ပဏီစိုက်ခင်း မန်နေဂျာမှ ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ပေါက်ခေါင်း မြို့နယ်မှ ထူးချွန်စွာ အောင်မြင် ခဲ့သော ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ဆုငွေ ကျပ် (၅)သိန်းအား မြို့နယ် ပညာရေးမှူးထံ ပေးအပ်ခဲ့သည်။
ထို့နောက် ခရီးသွား လုပ်ငန်းရှင်များ၊ ဟိုတယ်လုပ်ငန်းရှင် များ၊ သတင်းမီဒီယာ များအား Wild Wings Photography Group မှ ဦးစိန်မျိုးမြင့်က ဖြိုးစည်သူ ကျွန်း စိုက်ခင်းနှင့် သဘာဝ တောကျန်အကြောင်း ရှင်းလင်းခြင်းနှင့် Myanmar Birds & Nature Socity ဥက္ကဌ ဒေါက်တာသိန်းအောင်က သဘာဝ တောကျန်၊ ဇီဝမျိုးစုံကွဲ နှင့် သဘာဝ အခြေခံ ခရီးသွားလုပ်ငန်း ရေရှည် တည်တံ့ရေးအကြောင်း ရှင်းလင်း ပြောကြားကြပြီး သတင်းမီဒီယာများ၏ မေးမြန်းချက်များကို  ဖြေကြားကြသည်။
Bago Yoma Eco Resort ၌ Deluxe ၊ Superior ၊ Standard ၊  Honeymoon Villa အခန်း အမျိုးအစား များဖြင့် သဘာဝ အခြေခံများကို  ပျက်စီးယိုယွင်းမှု မရှိစေရန်   ဖွဲ့စည်း တည်ဆောက်ထားပြီး လာရောက်သော ဧည့်သည်များအတွက် တောတွင်းခရီးကြမ်း လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ဆင်စီးခြင်း၊ ငှက်ကြည့်ခြင်း၊ ကရင်တိုင်းရင်းသား လူမျိုးတို့၏ ၀တ်စားဆင်ယင်မှုနှင့် ဓလေ့ထုံးတမ်းအစဉ် အလာများ၊ ရိုးရာ ထွက်ကုန်များကို လေ့လာခြင်း၊ ဆင်များ၏ ဓလေ့စရိုက်များကို လေ့လာခြင်းများ ဆောင်ရွက်နိုင်ရန် စီစဉ်ပြင် ဆင်ထားကြောင်း သိရှိရသည်။
ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ခရီးစဉ်များ သွားရောက် လေ့လာနိုင်သည့် ပြည်မြို့ရှိ သီရိခေတ္တရာ ပြတိုက်နှင့် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ မြို့ဟောင်းသို့ လှည့်လည်ကြည့်ရှုကြကြောင်း သတင်းရရှိသည်။    
(သတင်းစဉ်)

No comments:

Post a Comment