Friday, June 16, 2017

ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Health Specialist နှင့် အဖွဲ့အားတွေ့ဆုံ

နေပြည်တော် ဇွန် ၁၆
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် ကမ္ဘာ့ဘဏ်အဖွဲ့မှ Senior Health Specialist ဖြစ်သူ ဒေါ်နှင်းနှင်းပိုင်နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် ၀န်ကြီးဌာနရှိ မေခလာခန်းမ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလက အတည်ပြုထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းစီမံချက်တွင် အဓိကလုပ်ငန်းစီမံချက် (၈) ခုပါဝင်ပြီး ၎င်းအနက် တိုက်ရိုက်ငွေကြေးထောက်ပံ့သောစနစ် (၄) ခုရှိရာ ၄င်းတို့မှာ ယခုစတင်ဆောင်ရွက်လျက်ရှိသော အသက်(၉၀)နှစ်နှင့် အထက် ဘိုးဘွားများကို လူမှုရေးပင်စင် ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် မွေးဖွားလာသည့် ကလေး(၂) နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းတို့ဖြစ်ပြီး ကျန်နှစ်ခုမှာ အသက်(၃)နှစ်မှ (၅)နှစ်အတွင်း ကလေးများအား ငွေကြေး ထောက်ပံ့ခြင်းနှင့် မသန်စွမ်းများအား ထောက်ပံ့ခြင်း အစီအစဉ်တို့ဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် ကလေးများ အာဟာရပြည့်ဝပြီး ပညာသင်ယူနိုင်မှု စွမ်းအားမြင့်မားရေးအတွက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းသည် အရေးကြီး သည့် လူမှုကာကွယ် စောင့်ရှောက်မှု လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
မြန်မာနိုင်ငံတွင် အာဟာရပြည့်ဝစေရေး လုပ်ငန်းများဆောင်ရွက်ရန် ကမ္ဘာ့ဘဏ်ချေးငွေ ဒေါ်လာသန်း (၁၀၀)ဖြင့် ဖွံ့ဖြိုးမှု အကူအညီများအား ညှိနှိုင်းရေးအဖွဲ့နှင့် ဆွေးနွေးထားပါကြောင်း၊ ကမ္ဘာ့ဘဏ်အနေဖြင့် ဝန်ကြီးဌာန၏ ငွေကြေးထောက်ပံ့မှု စီမံချက်များတွင် ICT အကူအညီလိုအပ်ပါက ကူညီနိုင်ပါကြောင်းနှင့် အာဟာရပြည့်ဝစေရေး လုပ်ငန်းများတွင် ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်နိုင်မည့် ကောင်းမွန်သော စနစ်တစ်ရပ် ပေါ်ပေါက်လာရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment