Sunday, June 11, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တိုရွန်တိုမြို့ရှိ မြန်မာ အသိုက်အဝန်းနှင့် တွေ့ဆုံ



တိုရွန်တို ဇွန် ၁ဝ
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီတွင် တိုရွန်တိုမြို့ မြို့တော်ခန်းမ၌ ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် နေထိုင်ကြသည့် မြန်မာ အသိုက်အဝန်းနှင့် တွေ့ဆုံသည်။






တွေ့ဆုံပွဲတွင် တိုရွန်တို မြို့တော်ဝန်က မိတ်ဆက် စကား ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားရာတွင် `` ကျွန်မတို့ ဒီမှာလာရတဲ့ အဓိက အကြောင်းရင်းကတော့ Forum of Federations ဆိုတဲ့ အဖွဲ့ကနေပြီး ကျွန်မတို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကူညီသောအားဖြင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံရေးစနစ် အကြောင်း ပိုမိုပြီး နားလည်အောင် ဖိတ်ခေါ်တာ ဖြစ်ပါတယ်။ လာတဲ့အဖွဲ့ထဲမှာ တို်င်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ ပါတယ်၊ အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေ ပါတယ်၊ တပ်မတော် ကိုယ်စားလှယ်တွေ ပါပါတယ်။
`` ဒီကို လာတဲ့အခါမှာ ကိုယ့်အမြင်၊ သူ့အမြင် ဖလှယ်ခွင့် ရတယ်။ နောက် ကျွန်မတို့ အားလုံး ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ အကြောင်းလည်း ပိုပြီး သိလာရတယ်။ ကနေဒါနိုင်ငံရဲ့ ဖက်ဒရယ် တည်ဆောက်မှု လမ်းကြောင်းဟာ ကျွန်မတို့ နိုင်ငံလောက် မခက်ခဲခဲ့ပေမယ့် အများကြီး သင်ယူစရာတွေ ရှိခဲ့ပါတယ်။ ကနေဒါနိုင်ငံဟာ ဖက်ဒရယ် ပြည်ထောင်စုတစ်ခု အနေနဲ့ ခိုင်မာသွားပြီ ဆိုတော့ စိန်ခေါ်မှုတွေ ဘယ်လို ရင်ဆိုင်ခဲ့ရသလဲ၊ ကျော်လွှားခဲ့ရသလဲ၊ စိန်ခေါ်မှုတွေဟာ ဘယ်တော့မှ အဆုံး မရှိဘူး ဆိုတာ ကျွန်မတို့ နားလည်ဖို့ လိုပါတယ်။
``တချို့က ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဟာ၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းမှုတွေဟာ အခုထက်ထိ တိုးတက်မှု မရှိဘူးလို့ ဆိုတယ်။ တိုးတက်မှု ရှိတယ်၊ တစ်ခါတစ်လေမှာလည်း ဆုတ်ယုတ်မှု ရှိတယ်။ ရှေ့တိုးရင်း၊ နောက်ဆုတ်ရင်းနဲ့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင် သွားရမှာပဲ။ တခြားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ကြည့်လိုက်ရင် ဒီလိုပဲဆိုတာ မြင်ရပါလိမ့်မယ်။ တချို့နိုင်ငံတွေမှာ ဆယ်စုနှစ် ပေါင်းများစွာမက ရာစုနှစ်နဲ့ ချီပြီးတောင် ငြိမ်းချမ်းရေး အတွက်၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး အတွက် ကြိုးပမ်းခဲ့ကြရတာပါ။ ကျွန်မတို့နိုင်ငံဟာ လည်း ဒီအတိုင်းပဲ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
``ကျွန်မဘယ်သွားသွား ကျွန်မတို့ရဲ့ ပရိသတ်ထဲက၊ ကျွန်မတို့နိုင်ငံက ရောက်လာတဲ့ ပြည်သူ ပြည်သားတွေထဲကနေ မေးခွန်းတွေကို လက်ခံ ဖြေကြားပါတယ်။ အဲဒီလိုဖြေတယ် ဆိုတာ ကျွန်မတို့နိုင်ငံရဲ့ အခုလက်ရှိ အခြေအနေကို တတ်နိုင်သလောက် ပြည်ပရောက်နေတဲ့ ပြည်သူ ပြည်သားတွေကို သိစေချင်လို့ပါ။ တချို့က နိုင်ငံနဲ့ ဝေးနေပြီဆိုတော့ တကယ်ဘာဖြစ် နေသလဲ ဆိုတာကို သိပ်ပြီး မသိကြတာတွေလည်း ရှိပါတယ်။ ဥပမာ ဆိုရင် ကျွန်မခဏခဏ အမေးခံရတဲ့ကိစ္စ ။ ကျွန်မတို့ NLD အစိုးရ တာဝန်ယူပြီးတဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးရုံးကနေ သံရုံးတွေက ပြည်သူ ပြည်သားများအပေါ် ထားတဲ့ မူဝါဒတွေ ပြောင်းလဲမှုတွေ ရှိသလား၊ ဘယ်လို ရှိသလဲ။ တခြားနိုင်ငံသား ခံယူထားတဲ့သူတွေ ဗီဇာရနိုင်ပါသလား၊ နိုင်ငံရေး ပတ်သက်မှု ရှိတဲ့သူတွေကို အမည်မည်းစာရင်းမှာပဲ အခုထက်ထိ ထားသလား ဒီလိုမေးခွန်းတွေ မေးကြပါတယ်။
``တကယ်ဆိုရင် ဒီမေးခွန်းတွေကို ကျွန်မတို့သံရုံးတွေရဲ့ ဝက်ဘ်ဆိုက်တွေ ထဲမှာ ဝင်ကြည့်မယ်ဆိုရင် အဖြေတွေ့ရပါလိမ့်မယ်။ တကယ်ပဲ ကျွန်မတို့နိုင်ငံရဲ့ လက်ရှိ အခြေအနေကို သိချင်တယ်ဆိုရင် ဒီဝက်ဘ်ဆိုက်ကို ကြည့်ပါ၊ ကျွန်မတို့ အမည်မည်းစာရင်း သွင်းထားတယ် ဆိုတာ နိုင်ငံရေးအရ မလုပ်တော့ပါဘူး။ သာမန်ဗီဇာတွေ ပေးပါတယ်။ တချို့ ခဏခဏ ဝင်လိုက် ထွက်လိုက် Multiple Entry ကို သူ့ရဲ့ အလုပ်အပေါ် မူတည်ပြီး ပေးပါတယ်။ တချို့ကျတော့ အင်တာပိုလ်ကနေ သတ်မှတ်ထားတဲ့ အမည်မည်းစာရင်းမှာ ထည့်ထားတဲ့ သူတွေကို မပေးပါဘူး။ ကျန်တဲ့ ဘယ်နိုင်ငံရေး လှုပ်ရှားမှုမှာ ပါခဲ့လို့၊ ဘယ်နိုင်ငံရေးပါတီနဲ့ ဆက်သွယ်မှုရှိလို့ ဆိုပြီး မပေးတာတွေ မရှိတော့ပါဘူး။ နောက်ပြီး နိုင်ငံကို ပြန်ပြီးတော့ အလည်သွားချင်တဲ့ သူတွေအတွက်လည်း အခက်အခဲ မရှိပါဘူး။ ဒါက မေးခွန်းမမေးခင် ဖြေလိုက်တာပါ။
``ကျွန်မပြောချင်တာက ကျွန်မတို့ရဲ့ သံရုံး ဝက်ဘ်ဆိုက်ကို ကြည့်ပါ၊ အများကြီး တွေ့ရပါလိမ့်မယ်။ အဲဒီမှာ ကိုယ်လိုချင်တဲ့ အဖြေတွေ၊ ကိုယ်သိချင်တဲ့ ကိစ္စတွေ မပါဘူး ဆိုရင်လည်း သံရုံးနဲ့ ဆက်သွယ်ပါ။ ကျွန်မတို့ အစိုးရသစ် ဖွဲ့ကတည်းက နိုင်ငံခြားရေးရုံးမှာ မူဝါဒ ချပေးပြီးသားပါ။ နိုင်ငံရေး ဝန်ကြီးဌာနက လွှတ်လိုက်တဲ့ သံတမန်တွေ၊ ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ သံရုံးတွေ၊ ဝန်ထမ်းတွေရဲ့ အဓိက အလုပ်တစ်ခုဟာ ပြည်သူ ပြည်သားတွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့၊ ပြည်သူပြည်သား ဆိုတဲ့အထဲမှာ အရင်တုန်းက နိုင်ငံသား ဖြစ်ခဲ့ပေမယ့် အခု အခြားနိုင်ငံသား ဖြစ်သွားပြီ ဆိုပြီး ခွဲခြားခြင်း မရှိဘဲ မိသားစုသဖွယ် နွေးနွေးထွေးထွေး ကြိုဆိုရမယ်၊ လက်ခံရမယ်၊ ဆက်သွယ်ရမယ် ဆိုတာ မူဝါဒချပြီးသားပါ။ အဲဒီ ချပြီးသားအတိုင်း ကျွန်မတို့ သံရုံးတွေကလည်း လုပ်နေပါတယ်။ သံရုံးတွေအနေနဲ့ နိုင်ငံတစ်နိုင်ငံမှာ ကျွန်မတို့ နိုင်ငံက လာရောက်ပြီး အခြေချတဲ့ ပြည်သူ ပြည်သားတွေ ဘယ်လောက် ရှိသလဲ၊ ဘယ်မှာ ရှိသလဲ ဆိုတာ သိနိုင်မှာ မဟုတ်ပါဘူး။ ကာယကံရှင်တွေက ဆက်သွယ်မှ ဆက်သွယ်မှု ရမှာပါ။ သိတဲ့သူတွေတော့ ရှိတာပေါ့၊ မြန်မာနိုင်ငံကူး လက်မှတ်နဲ့ လာတဲ့ သူတွေကျတော့ သိတယ်၊ သံရုံးကလည်း ဆက်သွယ်လို့ ရတယ်၊ တချို့တွေက သံရုံးကလည်း ရှိမှန်းလည်း မသိပါဘူး၊ ဒါကြောင့် ရဲရဲဝံ့ဝံ့နဲ့ ဆက်သွယ်ကြပါ၊ ကျွန်မတို့ သံရုံးက နွေးနွေး ထွေးထွေးနဲ့ ကြိုဆိုမှာပါလို့ ပြောချင်ပါတယ်။
နောက်တစ်ခုက အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အကြောင်း အနည်းငယ် ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်မတို့ နိုင်ငံအတွက် အကြီးဆုံး စိန်ခေါ်မှု တစ်ခုဖြစ်လို့ပါပဲ။ ကျွန်မတို့ နိုင်ငံဟာ လွတ်လပ်ရေးရခဲ့တဲ့ နှစ် (၇ဝ) နီးပါးအတွင်းမှာ လုံးဝ ငြိမ်းချမ်းတယ် ဆိုတဲ့ ကာလတစ်ခါမှ မရှိခဲ့ပါဘူး။ လွတ်လပ်ရေး ရတဲ့နေ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာပဲ စပြီးတော့ ပြည်တွင်းစစ်က စခဲ့တာပါ။ ဒီပြည်တွင်းစစ်ဟာ အခု လုံးဝ ရပ်စဲသေးတယ် ဆိုတာ မရှိပါဘူး။ ရပ်စဲအောင် လုပ်ဖို့ဆိုတာ အင်မတန်မှ ရုန်းကန် ယူရမယ့်ကိစ္စပဲ။ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာ လမ်းဖြောင့်ဖြောင့်ကြီးကို လျှောက်သွားသလို မဟုတ်ပါဘူး။ အမှန် ပြောမယ်ဆိုရင် လမ်းဖောက် သွားရတာပါ။ တောကြီးထဲမှာ လမ်းကြီးကို ဖောက်သွားရသလိုပါပဲ။ တောထဲက လမ်းတွေကို ကျွန်မတို့ ဖောက်ရမယ်။ လမ်းကို ခင်းရမယ်၊ ချက်ချင်း ခင်းတဲ့အခါ မြေကြီးလမ်းပဲ ဖြစ်ပေမယ့် တဖြည်းဖြည်းနဲ့ ရာသီစုံလမ်းဖြစ်အောင် လုပ်ရမယ်။ ရာသီစုံလမ်း ဆိုတာ ခိုင်မာအောင်ပါ။
``ကျွန်မတို့နိုင်ငံမှာ လမ်းတွေ ဖောက်တဲ့အခါမှာ ဖောက်လိုက်၊ မိုးကျတော့ ပျက်လိုက်၊ တစ်ခါ ပြန်ဖောက်လိုက်၊ ပျက်လိုက်၊ အဲဒီလို ပြန်ပြန်ပြီး ပြင်ရတဲ့ လမ်းတွေလည်း ရှိပါတယ်။ ကျွန်မတို့ အစိုးရတာဝန်ယူ ပြီးတဲ့အခါမှာ လမ်းနဲ့ ပတ်သက်လို့ ချမှတ်တဲ့ မူဝါဒတစ်ခုကတော့ တစ်နှစ်တစ်နှစ် တိုးတက်မှု ရှိရမယ်၊ ဒီနှစ်လည်း ဒါပဲလုပ်၊ မိုးပြီးတော့ ဒီဟာပဲ ပြန်လုပ်ဆိုတာ မဖြစ်ရဘူး။ တစ်နှစ်မှာ မြေသားဆိုရင် နောက်တစ်နှစ်မှာ ကျောက်ခင်းလမ်း၊ နောက် ကတ္တရာ လမ်းစသဖြင့် တစ်ဆင့်တစ်ဆင့် တက်သွားနိုင်ဖို့ ဆိုပြီး ရည်ရွယ်ပြီး ဆောက်လုပ်ရေးဘက်ကို အားပေးပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဆောက်လုပ်ရေး ဆိုတာ၊ လမ်းပန်း ဆက်သွယ်ရေး ဆိုတာ နိုင်ငံအတွက် အရေးကြီးပါတယ်။ တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဆိုတော့ တစ်ဦးနဲ့ တစ်ဦး ထိတွေ့မှုကလည်း အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့် လမ်းပန်း ဆက်သွယ်ရေးကို အလေးထားတာပါ။ ငြိမ်းချမ်းရေး လမ်းကြီးကလည်း ဒီလိုပါပဲ။ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းခဲ့တာ ကြာပါပြီ။ ကျွန်မတို့တင် မဟုတ်ပါဘူး။ အရင် အစိုးရတွေလည်း ကြိုးပမ်းမှုတွေ ရှိပါတယ်။ ဒါပေမယ့် လိုချင်တဲ့ ပန်းတိုင်အထိ အခုထက်ထိ မရောက်သေးဘူး။ တိုးတက်မှုတော့ ရှိတယ် ဆိုတာ ပြောနိုင်ပါတယ်။
``ဘယ်လိုပဲ ပြောပြော၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- (၂၁) ရာစုပင်လုံ အစည်းအဝေး နှစ်ကြိမ် ကျင်းပပြီးပါပြီ။ အားလုံးက ကျေနပ်သလား ဆိုတော့ မကျေနပ်ပါဘူး။ အစည်းအဝေး နှစ်ခုတည်းနဲ့ နှစ် (၇ဝ) ကြာခဲ့တဲ့ ပြည်တွင်းစစ်ကြီးကို အားလုံး အဖြေရှာနိုင်မယ် ဆိုရင် ဒါဟာ တော်တော် ထူးဆန်းမှာပဲ ဖြစ်ပါတယ်။ အဓိက အရေးကြီးတာက စိတ်ဓာတ်ခိုင်မာဖို့ပါပဲ။ ငြိမ်းချမ်းရေး ရအောင် လုပ်မယ်ဆိုတဲ့ သန္နိဌာန်ခိုင်မာဖို့ပဲ ဖြစ်ပါတယ်။
``အားလုံးမှာ ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ဒါက ဘာလဲ ဆိုတော့ နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ တစ်ယောက်နဲ့ တစ်ယောက်အကြားမှာ ပိုပြီး သဘောထား ကွဲလွဲစေမယ့် အရာတွေကို အားပေးမှာလား၊ အားလုံး ပိုစုစည်းနိုင်မယ့် အရာတွေကို ပြုစုပျိုးထောင် သွားမှာလား။ ဒါက လူတိုင်း တစ်ယောက်နဲ့ တစ်ယောက် ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ ဒါက မြန်မာနိုင်ငံမှာ နေပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပါဝင်နေတဲ့သူတွေတင် မဟုတ်ပါဘူး၊ အခြားနိုင်ငံတွေမှာ ပြန့်ကျဲနေတဲ့ ပြည်သူ ပြည်သားတွေ ၊ နိုင်ငံသားတွေ မဟုတ်သော်လည်း နိုင်ငံကနေ ထွက်လာတဲ့ ပြည်သူ ပြည်သားတွေကို ပြောတာပါ။ ကျွန်မတို့ ပြည်သူ ပြည်သားတွေ အနေနဲ့ ဆုံးဖြတ်လို့ရပါတယ်။ နိစ္စဓူဝ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် စုစည်းမှုကို အားပေးမလား၊ ဒါမှမဟုတ် ပိုပြီး ကွဲပြားစေတဲ့ စိတ်ဓာတ်တွေကို အားပေးမလား ဆိုတာ တစ်ဦးချင်း တစ်ဦးချင်း က ဆုံးဖြတ်ပြီးတော့ ကူညီလို့ ရပါတယ်။ နိုင်ငံအတွင်းမှာ တိုင်းရင်းသား လူမျိုးများအကြား မျိုးစုံရှိတာတွေ မကသေးဘူး၊ ကိုးကွယ်တဲ့ ဘာသာတွေလည်း မျိုးစုံရှိပါတယ်။ ကိုးကွယ်တဲ့ ဘာသာတွေ မျိုးစုံရှိတာကို အားလုံးကြားထဲမှာ သဟဇာတ ရှိအောင်၊ အေးအေးချမ်းချမ်း ရှိအောင်လို့ ဒါက နိုင်ငံတစ်နိုင်ငံမှာ ဒီဟာကို ကြိုးစားရမှာ ဖြစ်ပါတယ်။
``နိုင်ငံ တစ်နိုင်ငံအတွင်းမှာ အားလုံး ညီညီ ညွတ်ညွှတ်နဲ့ နေနိုင်မှ ဒီနိုင်ငံဟာ တစ်ကယ်ကို ရေရှည်မှာ တိုးတက်နိုင်မှာပါ။ အားလုံး တစ်ဦးပေါ် တစ်ဦး သဘောထား ကြီးကြီးနဲ့ မြင်နိုင်ရမယ်၊ အပြန်အလှန် ယုံကြည်မှုတွေ တည်ဆောက်ရမယ်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက် ဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဆိုရင် နှစ် (၃ဝ)နီးပါး အတိုက်အခံ ပါတီအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် အရင်တုန်းက အစိုးရဖြစ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ အတိုက်အခံ ပေါ့နော်။ အဲဒီထဲမှာဆိုရင် အစိုးရ ဝန်ထမ်းတွေနဲ့လည်း အတိုက်အခံလို့ ပြောရမှာပေါ့။ ဒါပေမယ့် အခုတော့ ဒီဝန်ထမ်းတွေနဲ့ပဲ ကျွန်မတို့ အလုပ်လုပ်နေရတာပဲ။ ကျွန်မတို့ရဲ့ အမြင်ကတော့ ဒီဝန်ထမ်းတွေလည်း ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားတွေပဲ။ ကျွန်မတို့နိုင်ငံကို ကောင်းစေချင်တာပဲ။ ဒီလို စပြီး ကျွန်မတို့က ယုံကြည်ချက်နဲ့ ကျွန်မတို့ လုပ်ပါတယ်။ တချို့က ဒီလို ယုံကြည်လို့ မရဘူး၊ သူတို့စိတ်ဓာတ် ဒီလိုမဟုတ်ဘူးလို့ ပြောတယ်။ ဒါက သူတို့စိတ်ဓာတ်နဲ့ပဲ ဆိုင်တယ်။ ကျွန်မတို့ရဲ့ ယုံကြည်ချက် ကတော့ အခြေခံအားဖြင့် ကျွန်မတို့ နိုင်ငံသူ နိုင်ငံသား အချင်းချင်းမို့ ညီညီ ညွတ်ညွတ်နဲ့ အေးအေးချမ်းချမ်း နေနိုင်တဲ့ အခြေအနေကို ရောက်နိုင်တယ်လို့ ယုံကြည်ချက်နဲ့ ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဝင်ခဲ့တာပါ။ အစကတည်းက ဒီယုံကြည်ချက် မရှိရင် ဝင်ခဲ့စရာ အကြောင်း မရှိပါဘူး။ ဒီမိုကရေစီ ဆိုတာ အခြေခံအားဖြင့် သဘော မတူရင်တောင်မှ မတူတဲ့ သဘောထားတွေကို အေးအေး ဆေးဆေး၊ တည်တည်ငြိမ်ငြိမ် နဲ့ နိုင်ငံ့ရဲ့ အကျိုးကို ကြည့်ပြီး ဖြေရှင်းနိုင်ရမယ်။ ဒါကို ဦးတည်တာ ဖြစ်ပါတယ် ´´ဟု ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တွေ့ဆုံပွဲသို့ တက်ရောက် လာကြသူများ၏ ပညာရေး၊ ကျန်းမာရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ရွှေ့ပြောင်း ဒုက္ခသည်များ ဆိုင်ရာ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့သည်။
မြန်မာ အသိုက်အဝန်းနှင့် မတွေ့ဆုံမီ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တိုရွန်တို မြို့တော်ဝန် မစ္စတာ ဂျွန်တေလာနှင့် မြို့တော် ကောင်စီဝင်များအား တွေ့ဆုံခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment