Friday, June 16, 2017

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့ကျင်းပ

နေပြည်တော် ဇွန် ၁၆
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကမ်းဝေးငါးဖမ်း ရေယာဉ်များအား နိုင်ငံတကာ စံနှုန်းများနှင့်အညီ VMS (Vessel Monitoring System) တပ်ဆင်ရန်အတွက် အမိန့်၊ ညွှန်ကြားချက်များ ထုတ်ပြန်၍ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးလှကျော်က VMS (Vessel Monitoring System) စနစ်ဆိုသည် မှာ ပင်လယ်ပြင်အတွင်း မိုးလေ၀သခန့်မှန်းမှုအခြေအနေကို ငါးဖမ်းရေယာဉ်များမှ ကြိုတင်သိရှိပြီး မုန်တိုင်းအန္တရာယ်မှ ကာကွယ်နိုင်ရန်၊ သတင်းအချက်အလက်များရယူ၍ တရားမ၀င် ငါးဖမ်းရေယာဉ်များနှင့် လိုင်စင်မဲ့ငါးဖမ်းရေယာဉ်များကို ထောက်လှမ်းအရေးယူနိုင်ရန်၊ ပင်လယ်ပြင်ကို စောင့်ကြပ်စစ်ဆေးခြင်းဖြင့် ငါးသယံဇာတတိုးပွားလာစေရေးနှင့် ကမ်းဝေး ငါးဖမ်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ပေါင်းစပ်ဆောင်ရွက်သော ငါးလုပ်ငန်းစောင့်ကြပ်စစ်ဆေးရေး စနစ်ဖြစ်ပါ ကြောင်း။
၂၀၁၄ ခုနှစ် မတ်လတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်တွင်းငါးဖမ်းရေယာဉ်များ၌ VMS စနစ်တပ်ဆင်ဆောင်ရွက်နိုင်ရန် Myanmar Monitoring Control and Surveillance (MMCS) စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနနှင့် ပြင်သစ်နိုင်ငံမှ French Development Agency (AFD)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် AFD မှ ငါးလုပ်ငန်းပညာရှင်များ မြန်မာနိုင်ငံသို့ လာရောက်၍ ကနဦး စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုများ ပြုလုပ်ခဲ့ပါကြောင်း။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ၌ MMCS စီမံကိန်းကို ဆောင်ရွက်ရာတွင် ၀န်ကြီးဌာနနှင့် AFD တို့အကြား စီမံကိန်း သဘောတူညီချက်လက်မှတ်ရေးထိုးရာ၌ ဖော်ပြရမည့် စီမံကိန်းလုပ်ငန်းများ၊ တာဝန်ဝတ္တရားများ၊ နည်းပညာပံ့ပိုးမှုနှင့် လွှဲပြောင်းမှုများ၊ ဘဏ္ဍာရေး၊ စည်းမျဉ်းစည်းကမ်းများကို တိကျရှင်းလင်းစွာ ထည့်သွင်းဖော်ပြနိုင်ရန် Third party ဖြစ်သည့် F&S ကုမ္ပဏီအား AFD ကနိုင်ငံတကာတင်ဒါခေါ်ယူ ဆောင်ရွက်ခဲ့ပါကြောင်း။
၂၀၁၇ ခုနှစ်၊ မတ်လတွင် F&S ကုမ္ပဏီနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့ အတိုင်ပင်ခံ လုပ်ငန်းပဋိညာဉ်စာချုပ်အား လက်မှတ်ရေးထိုးခဲ့ပြီး F&S ကုမ္ပဏီမှ စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုအား AFD ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာရရှိပါက MMCS စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက် AFD ထံမှ ထောက်ပံ့ငွေရယူခြင်း (သို့မဟုတ်) သက်သာသောအတိုးနှုန်းဖြင့် ချေးငွေရယူခြင်းစသည့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များအပါအ၀င် စီမံကိန်းလုပ်ငန်းများအား အသေးစိတ် ညှိနှိုင်းသွားမည် ဖြစ်ပါကြောင်း။
F&S ကုမ္ပဏီကပြင်ဆင်ပေးမည့် MMCS စီမံကိန်းသဘောတူညီမှုစာချွန်လွှာအား နှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးပြီး နည်းပညာထိန်းချုပ်ရေးအခန်းများ တည်ထောင်ခြင်း၊ IT Software များတပ်ဆင်ခြင်း၊ ၀န်ထမ်းများအတွက် စွမ်းရည်မြှင့် သင်တန်းပို့ချခြင်းများအား အချိန်ကာလတစ်ခု ရယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းငါးဖမ်းရေယာဉ်များတွင် VMS စနစ်တပ်ဆင်ခြင်းအား အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် စီမံလျက်ရှိပါကြောင်းနှင့် စီမံကိန်း အကောင် အထည်ပေါ်ပါက လိုအပ်သည့်လုပ်ငန်းစဉ်များအား ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းဖြေကြားသည်။
တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၏ တနင်္သာရီတိုင်းဒေသကြီး၊ ကရသူရိမြို့ သင်္ချုံင်းမြေ ပြန်လည်စွန့်လွှတ်ပေးရန် သို့မဟုတ် သင်္ချုံင်း မြေနေရာအသစ် အမြန်ဆုံး ဖော်ထုတ်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးလှကျော်က တနင်္သာရီတိုင်းဒေသကြီး၊ ကရသူရိမြို့ သင်္ချုံင်းမြေ ပြန်လည်စွန့်လွှတ် ပေးနိုင်ပါရန်အတွက် ကရသူရိမြို့မိ/မြို့ဖများက ကရသူရိမြို့၊ (၅၅၅) တပ်ရင်းသို့ တောင်းဆိုခဲ့ရာ ကရသူရိမြို့သုဿန်မြေ (၅)ဧကမြေနေရာသည် တပ်ရင်းလုံခြုံရေးအရ စိုးမိုးသည့်နေရာဖြစ်ခြင်း၊ အိမ်ထောင်သည်လိုင်းခန်းနှင့် အလှမ်းဝေးကွာမှု မရှိဘဲ  ဆက်စပ်လျက်ရှိခြင်း၊ တပ်ရင်းပိုင်စိုက်ပျိုးထားသော ဥယျာဉ်ခြံမြေများမှ အောင်မြင်ဖြစ်ထွန်းလျက်ရှိခြင်းတို့ကြောင့် ပြန်လည်စွန့်လွှတ်ပေးရန် မသင့်ဟု သဘောထားပြန်ကြားလာခဲ့ပါကြောင်း။
အဆိုပါ သင်္ချုံင်းမြေနေရာ၌ ကွယ်လွန်သူများ မြေမြုပ်ခြင်း၊ ဂူသွင်းခြင်းပြုလုပ်နိုင်ရန်အတွက် အ၀င်ပေါက်တစ်ခုကို ပြုလုပ် ထားရှိပေးထားပြီး နာရေးကိစ္စများ အဆင်ပြေစွာ ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ သင်္ချုံင်းမြေနေရာအသစ် ဖော်ထုတ်နိုင်ရေးအတွက် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်း ဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့နှင့် မြို့မိ/မြို့ဖများ ပူးပေါင်းပြီး ယာယီမြေနေရာအသစ် ရွေးချယ်လျာထားခဲ့ကြပါကြောင်း၊ ယင်းလျာထားသည့် မြေနေရာသည် မြို့နှင့် ၆ ဖာလုံခန့်ကွာဝေးပြီး ကွင်းအမှတ် (၂၄/Oss)၊ ကရသူရိကြေးတိုင်ပြင်ကွင်းအတွင်း ပါဝင်သော တောရိုင်းမြေအမျိုးအစားဖြစ်ပြီး မြေဧရိယာ ၃ဧ ကသာရှိသဖြင့် သင်္ချုံင်းပြုလုပ်ရန် အနည်းဆုံးလိုအပ်သည့် အကျယ်အ၀န်း ၅ဧက ပြည့်မီခြင်း မရှိသည့်အတွက် အခက်အခဲရှိပါကြောင်း။
တိုးချဲ့ရန်လိုအပ်သော မြေနေရာသည် အဏ္ဏ၀ါထွန်း ဆီအုန်းကုမ္ပဏီမှ ၂၀၁၇ ခုနှစ်တွင် ဗဟိုမြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးအဖွဲ့မှ နှစ် (၃၀) လုပ်ကိုင်ခွင့်ပြုထားသော မြေအတွင်း ပါဝင်လျက်ရှိပါကြောင်း၊ ယင်းမြေနေရာ တွင် လက်ရှိကုမ္ပဏီနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ကုမ္ပဏီ၏ ခွင့်ပြုမိန့်ကျ မြေဧရိယာအတွင်းမှ (၅)ဧကခန့်ကို ထုတ်နှုတ်ပေး မည်ဆိုပါက သင်္ချုံင်းနေရာအသစ်ကို ဖော်ထုတ်သတ် မှတ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့နောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်တို့၏ တမံဆောက်လုပ်ပေးရန် မေးခွန်းနှင့် Model စိုက်ပျိုး/မွေးမြူရေးဇုန်တစ်ခု တည်ထောင်ပေးရန် မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယ၀န်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော တာတမံဥပဒေကြမ်းကို အမျိုးသား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဥပဒေကြမ်း ကော်မတီဝင် ဦးဆန်းမြင့်က ဖတ်ကြားရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဥပဒေကြမ်း ကော်မတီဝင် ဒေါ်နန်းနီနီအေးက ပြန်လည်ဖတ်ကြား ရှင်းလင်းသည်။
ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ဇွန်လ ၁၉ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment