Thursday, June 22, 2017

၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ ပြန်လည်သုံးသပ် ဆွေးနွေးပွဲကျင်းပ

ရန်ကုန် ဇွန် ၂၂
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ ကဏ္ဍစုံမှပါဝင်ပတ်သက်သူများအကြား ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Kandawgyi Palace Hotel ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကြားဖြတ်ရွေးကောက်ပွဲ၌ တွေ့ရှိခဲ့သည့် အားသာချက် အားနည်းချက်များကို ဆွေးနွေးသွားမှာဖြစ်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပိုမိုတိုးတက် ကောင်းမွန်လာ စေမည့် နည်းလမ်းများအား ဆွေးနွေးအကြံပြု ဖော်ထုတ်သွားရန်ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ရွေးကောက်ပွဲစီမံခန့်ခွဲမှုများ ပိုမိုကောင်းမွန်ခဲ့ပြီး ယခင်က ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိခဲ့သည့် ကျေးသီးနှင့် မိုင်းရှုးဒေသများတွင်လည်း ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပ ပေးနိုင်ခဲ့ကြောင်း၊
၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကျင်းပမည့်ရက်အား ရက်ပေါင်း (၁၈၀) ကြိုတင်၍ ကြေညာခဲ့ခြင်း နှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် အချိန်ဇယားထုတ်ပြန် ကြေညာပေးခဲ့သဖြင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် အဖွဲ့အစည်း များအားလုံး ပြင်ဆင်မှုများ ဆောင်ရွက်ရန် အချိန်လုံလောက်စွာရရှိခဲ့ကြောင်း၊ International IDEA ၊ သြစတြေးလျ ရွေးကောက်ပွဲကော်မရှင် (AEC) တို့နှင့်ပူးပေါင်း၍မဲရုံမှူးနှင့် ဒုတိယမဲရုံမှူး ဆင့်ပွားသင်တန်းများကို ထိရောက်မှုရှိစေရန် ဆောင်ရွက်ခဲ့ကြောင်း၊
မဲစာရင်းပြုစုခြင်းနှင့်စပ်လျဉ်း၍ အားနည်းချက်များအား ဖြေရှင်းနိုင်ရန် အိမ်တိုင်ရာရောက် (Door to Door) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော်လည်း အခက်အခဲများရှိခဲ့ကြောင်း၊ မဲစာရင်းပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင် ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊
နိုင်ငံပြင်ပရောက် ကြိုတင်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ကော်မရှင်အနေဖြင့် ကြိုတင်မဲလမ်းညွှန် စာအုပ်များပြုစု၍ နိုင်ငံခြား သံရုံးများသို့ ပေးပို့ခြင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကြိုတင်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ခဲ့သဖြင့် အဆင်ပြေချောမွေ့ ခဲ့ကြောင်း၊
နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ်များကို အားလုံးမှ လိုက်နာကျင့်သုံး ခြင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်တို့ကို နိုင်ငံရေးပါတီများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အား သင်တန်းပို့ချပေးခဲ့ခြင်းနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းကြောင့်  မဲဆွယ်စည်းရုံးစဉ် ကာလနှင့် မဲပေးခြင်းကာလများတွင် ကြီးမားသောပြဿနာများ မရှိခဲ့ကြောင်း၊
ကော်မရှင်အနေဖြင့် ရှေ့ဆက်လက်၍ ကဏ္ဍ (၄) ရပ်အား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုကဏ္ဍ (၄) ရပ်မှာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်စပ်လျဉ်း၍ လိုအပ်ချက်များအပေါ် ပြင်ဆင်ရေးဆွဲဆောင်ရွက်ခြင်း၊ မဲစာရင်း ပိုမိုပြည့်စုံမှန်ကန်ရေးအတွက်ဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင် အသိပညာပေးခြင်းအား ပိုမိုတိုးမြှင့် ဆောင်ရွက်ခြင်းနှင့် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်မှ ဝန်ထမ်းများအား စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုလုပ်ငန်းစဉ်များ၌ ကျွမ်းကျင်မှုရှိလာစေရေး အတွက် ဆောင်ရွက်ခြင်းတို့ဖြစ်ကြောင်း၊ အဆိုပါကဏ္ဍ (၄) ရပ်နှင့် စပ်လျဉ်း၍လည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင် မည့် နည်းလမ်းများက ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက အခမ်းအနားအစီအစဉ်အား ရှင်းလင်းပြောကြားပြီး International IDEA အဖွဲ့မှ Head of Country Office ဖြစ်သူ Mr. Mark McDowell က အဖွင့်နှုတ်ဆက်စကား ပြောကြားသည်။
ဆက်လက်၍ ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာတွေ့ရှိခဲ့မှု အခြေအနေများနှင့် စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များကို အကြံပြုတင်ပြကြသည်။
ယင်းနောက် ရွေးကောက်ပွဲလုပ်ငန်းများ စီမံခန့်ခွဲခြင်း၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၊ မဲဆွယ်စည်းရုံးခြင်းနှင့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများအား တရားဝင် အသိအမှတ်ပြုခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည်သူလူထုနှင့် မဲဆန္ဒရှင် အသိပညာ ပေးခြင်း၊ ကြိုတင်မဲပေးခြင်း၊ မဲဆန္ဒရှင်သက်သေခံ လက်မှတ်ထုတ်ပေးခြင်း၊ မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ် ကြေညာခြင်းတို့နှင့် စပ်လျဉ်းပြီး တက်ရောက်လာသူများမှ အဖွဲ့(၆)ဖွဲ့ခွဲကာ အကြံပြု ဆွေးနွေးကြသည်။
အဆိုပါဆွေးနွေးပွဲအား ဇွန် ၂၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment