Friday, June 23, 2017

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် Black Sea Fleet ရေတပ်စခန်းဌာနချုပ်မှ Vice Admiral နှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် ၂၂
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် Sevastopol ဟိုတယ်ရှိ အစည်းအဝေးခန်းမ၌ Black Sea Fleet ရေတပ်စခန်းဌာနချုပ်မှ Vice Admiral Kulekov Valaydii နှင့် တွေ့ဆုံဆွေးနွေးသည်။

ခရူဇာစစ်သင်္ဘော
ထို့နောက် Sevastopol မြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီး အမြန်သွားရေယာဉ်များဖြင့် မြောက်ပိုင်းဆိပ်ကမ်းရှိ Moskva ခရူဇာစစ်သင်္ဘောကို သွားရောက်လေ့လာကြသည်။
အဆိုပါ Moskva ခရူဇာစစ် သင်္ဘောသည် ပဲ့ထိန်းဒုံးကျည် သယ်ဆောင်နိုင်သည့် သင်္ဘောအမျိုးအစားဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်ကာ သင်္ဘောကိုယ်ထည်အရှည် ၁၈၆ ဒသမ ၅ မီတာ၊ ဗြက် ၂ဝ ဒသမ ၈ မီတာ၊ အမြင့် ၄၂ ဒသမ ၅ မီတာ၊ သင်္ဘောအလေးချိန် ၁၂၄၉ဝ တန်ဖြစ်ကာ တစ်နာရီလျှင် ရေမိုင် ၃၂ မိုင်နှုန်း မောင်းနှင်နိုင်ကြောင်း သိရှိရသည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ရေတပ်စခန်းဌာနချုပ်ရှိ သင်္ဘောအား Simulator ဖြင့် လေ့ကျင့်မောင်းနှင်ခြင်းနှင့် ရေတပ်စခန်းဌာနချုပ်မှ အသုံးပြုခဲ့သည့် လက်နက်များနှင့် တိုက်လေယာဉ်များ၊ သံချပ်ကာယာဉ်များကို လှည့်လည်ကြည့်ရှုကြသည်။ ထို့နောက် တောင်ပိုင်းဆိပ်ကမ်းသို့ အမြန်သွားရေယာဉ်များဖြင့် ဆက်လက်ထွက်ခွာကြပြီး ရေငုပ်သင်္ဘော OST-OV-NA-DONUကို သွားရောက် လေ့လာကြသည်။
ဘက်စုံသုံးရေငုပ်သင်္ဘော
အဆိုပါ ရေငုပ်သင်္ဘောသည် Kilo အမျိုးအစားဘက်စုံသုံးဒီဇယ်နှင့် လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောဖြစ်ပြီး ၁၉၉ဝ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ကာ ကိုယ်ထည်အရှည် ၇၃ ဒသမ ၈ မီတာ၊ ဗြက် ၉ ဒသမ ၉ မီတာ၊ ရေမျက်နှာပြင် ပေါ်အလေးချိန် ၂၃၅ဝ တန်၊ ရေအောက် ငုပ်လျှိုးချိန်အလေးချိန် ၃၉၅ဝ တန်ဖြစ်ကြောင်း သိရှိရသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ဇွန် ၂ဝ ရက် ညနေပိုင်းက မော်စကိုမြို့ရှိ No. 766 Production and Technological Equipments Center သို့ သွားရောက် လေ့လာသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့သည် Production and Te-chnological Equipments Cen-ter ရှိ လူနာတင်ယာဉ်များ၊ ခွဲစိတ်ကုသယာဉ်များ၊ ဓာတ်ခွဲကုသယာဉ်များနှင့် လူစီးမော်တော်ယာဉ်များအား ကြည့်ရှု လေ့လာကြ သည်။
လိုက်လံကြည့်ရှု
ထို့နောက် စစ်မြေပြင်အဝေးထိန်းစနစ်ဖြင့် မောင်းနှင်သော မိုင်းရှင်းလင်းရေးယာဉ်များ၊ တိုက်ခိုက်ရေးယာဉ်နှင့် မီးသတ်ယာဉ်တို့အား လိုက်လံကြည့်ရှုပြီး စမ်းသပ်မောင်းနှင်မှုများအား ကြည့်ရှုလေ့လာသည်။ ယင်းနောက် သံချပ်ကာ မော်တော်ယာဉ်များအား လိုက်လံကြည့်ရှုလေ့လာပြီး စမ်းသပ်စီးနင်းလိုက်ပါခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment