Saturday, June 3, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် တောင်ကြီးမြို့ စ၀်စံထွန်းပြည်သူ့ဆေးရုံကြီးရှိ ဓါတ်ရောင်ခြည်ဆေးကုဌာနကို လှည့်လည်ကြည့်ရှု

နေပြည်တော် ဇွန် ၃
နိုင်ငံတော်သမ္မတ ဦးထင်ကျော် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ စ၀်စံထွန်းပြည်သူ့ ဆေးရုံကြီးရှိ ဓါတ်ရောင်ခြည်ဆေးကုဌာနတွင် ခေတ်မီစက်ပစ္စည်းများ တပ်ဆင်အသုံးပြု၍ ဆေးဝါးကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ တာဝန်ရှိသူများနှင့်အတူ နံနက် ၈ နာရီခွဲတွင် စ၀်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိပြီး ဆေးရုံအုပ်ကြီး၊ အထူးကုဆရာ ၀န်ကြီးများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ဓါတ်ရောင်ခြည်ဆေးကုဌာနတွင် ခေတ်မီစက်ပစ္စည်းများ၊ ခေတ်မီဆေးဝါး ကုသမှုစနစ်များ တပ်ဆင်အသုံးပြုနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်၊ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးထွန်းအောင်နှင့် ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး (ဓါတ်ရောင်ခြည်) တို့က ခေတ်မီစက်ပစ္စည်းများ တပ်ဆင်အသုံးပြု၍ ခေတ်မီဆေးဝါး ကုသမှုစနစ်ဖြင့် ကင်ဆာဝေဒနာရှင် ပြည်သူများအား ဆေးဝါးကုသပေးနေမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသကြသည်။
နိုင်ငံတော်သမ္မတက ဓါတ်ရောင်ခြည်ဌာနတွင် တပ်ဆင်အသုံးပြုလျှက်ရှိသည့် ခေတ်မီစက်ပစ္စည်းများကို စနစ်တကျ အသုံးပြု၍ ကင်ဆာဝေဒနာရှင်များအား ထိထိရောက်ရောက် ကုသပေးနိုင်ရေးအတွက် ဆွေးနွေးပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် သူနာပြုသင်တန်းကျောင်း(တောင်ကြီး)မှ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်း နှီးနှီးတွေ့ဆုံရာ သင်တန်းကျောင်းအုပ်ကြီး ဒေါ်နွယ်နွယ်ချိုက ပို့ချပေးလျက်ရှိသည့် ဘာသာရပ်များနှင့် တက်ရောက် သင်ကြားလျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများ အခြေအနေကို ရှင်းလင်းတင်ပြသည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက သင်တန်းကျောင်းအုပ်ကြီးနှင့် သင်တန်းသား၊ သင်တန်းသူများကို အားပေးစကား ပြောကြားသည်။
စ၀်စံထွန်းပြည်သူ့ဆေးရုံကြီး၌ တစ်ရက်လျင် ကင်ဆာဝေဒနာရှင် ၅၀ ခန့်ကို ဓါတ်ရောင်ခြည်ဆေးကုဌာနတွင် ပုံမှန်ကုသပေးလျက်ရှိကြောင်း၊ စ၀်စံထွန်းဆေးရုံသည် ခုတင် (၅၀၀) ဆံ့ဆေးရုံတစ်ရုံဖြစ်ပြီး မြေဧရိယာ ၂၉ ဒသမ ၆၆၄ ဧက ကျယ်ဝန်းကြောင်း၊ ပြင်ပလူနာဆောင်၊ အရေးပေါ်လူနာဌာန၊ ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ အရိုးကုသ ဆောင်၊ မျက်စိကုသဆောင်၊ နား၊ နှာခေါင်း၊ လည်ချောင်းကုသဆောင်၊ သွားနှင့်ခံတွင်းကုသဌာန၊ မျက်နှာ၊ ပါးမေး၊ နှုတ်ခမ်း ကုသဆောင်၊ ကင်ဆာကုသဆောင်၊ မူးယစ်ဆေးဝါးနှင့် စိတ်ရောဂါကုသဆောင်၊ ဓါတ်ရောင်ခြည်ဌာန၊ မူးယစ်ဆေးဝါးနှင့် စိတ်ရောဂါကုသဌာန၊ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးဌာနနှင့် အရေပြားရောဂါဌာန အပါအ၀င် ဆေးကုသဆောင်ဌာန ၁၄ ဆောင်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment