Monday, June 12, 2017

ရခိုင်ပြည်နယ်၌ အရည်အသွေးပြည့်မီသော စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့ထုပ်လုပ်ခြင်းနည်းပညာသင်တန်းဖွင့်လှစ်

စစ်တွေ  ဇွန်  ၁၂
မျိုးစေ့စံပြကျေးရွာထူထောင်နိုင်ရန်အတွက် ရခိုင်ပြည်နယ်၌ အရည်အသွေးပြည့်မီသော စပါးမျိုးကောင်းမျိုးသန့်မျိုးစေ့ ထုပ်လုပ်ခြင်း နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇွန်လ ၁၂ ရက် နံနက် ၉ နာရီက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတိုးဝေက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး သင်တန်းဆရာများ ကိုယ်စား စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံ သုတေသနမှူး ဒေါ်မြင့်ရီက သင်တန်းတွင် သင်ကြားပို့ချပေးမည့်ဘာသာရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ကိုးရီးယားနိုင်ငံအပြည်ပြည်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန KOPIA Projectမှ Project Director Dr.Kim Daesu က သင်တန်းတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးရခြင်းနှင့်ပတ်သက်ပြီး နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထို့နောက် ကိုးရီးယားနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကျေးလက်ဒေသဖွံ့ဖြိုးရေးဗဟိုဌာနအောက်မှာရှိသည့် KOPIA Project စီမံကိန်းဖြင့် လာရောက်ခြင်းဖြစ်ကြောင်း၊ စီမံကိန်းနှင့်ပတ်သက်ပြီး လုပ်ငန်းစဉ်(၄)ရပ်ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ကိုးရီးယားစပါးမျိုးနှင့် မြန်မာစပါးမျိုးများကို ရောစပ်ပြီးမျိုးစေ့ထုတ်သည့်နည်းများပါဝင်ကြောင်း၊ ကိုးရီးယားမှ စပါးမျိုးများကို ရခိုင်ပြည်နယ်တွင် စမ်းသပ် ထုတ်လုပ်သည့်နည်းများ ပါဝင်မည်ဖြစ်ကြောင်း၊ အဓိကမျိုးစေ့စံပြကျေးရွာထူထောင်နိုင်ရန်အတွက် အခုသင်တန်းကို လာရောက်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ တောင်သူများမှ မျိုးစေ့ကိုယ်တိုင်မထုပ်လုပ်မီ ကျမတို့ဌာနမှ သင်တန်း စတင်ပို့ချပေးခြင်းဖြစ်ကြောင်း၊ ရိတ်သိမ်းချိန်နောက်ပိုင်းဖြစ်ပေါ်လာမည့်ရိတ်သိမ်းနည်း သိုလှောင်နည်းများကိုပါ သင်ကြားပြီး စပါးစိုက်ပျိုးထုပ်လုပ်နည်းအပြင်ပိုးမွှားဌာန၊ အပင်ရောဂါဌာန၊ မြေဆီလွှာဌာန၊ သီးနှံစိုက်စနစ်ဌာနနှင့် ပေါင်းပညာဌာနများမှပညာရှင်များကလည်း ပို့ချသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာန စပါးသီးနှံ သုတေသနမှူး ဒေါ်မြင့်ရီ ပြောကြားချက်အရ သိရသည်။ အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကိုးရီးယားနိုင်ငံအပြည်ပြည်ဆိုင်ရာကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန KOPIA Projectမှ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ တောင်သူများ နှင့်စိုက်ပျိုးရေးဌာနမှ ၀န်ထမ်းများ စုစုပေါင်း သင်တန်းသား/သူ(၈၀)ဦးတို့အား နှစ်ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)

No comments:

Post a Comment