Friday, June 16, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများကြည့်ရှုလေ့လာ

နေပြည်တော် ဇွန် ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ဇွန် (၁၃) ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ မန်စီမြို့သို့ရောက်ရှိခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် တယ်ဟုန်ပြည်နယ်ခွဲ၊ ကွန်မြူနစ်ပါတီအတွင်းရေးမှူး Mr. Wang Jun Qiang နှင့်တွေ့ဆုံ၍ တရုတ်နိုင်ငံ၏ One Belt and One Road Initiative အား ပူးပေါင်းအကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော် စီးပွားရေးဇုန် အကောင်အထည် ဖော်နိုင်ရေးအတွက် နှစ်နိုင်ငံလုပ်ငန်းကော်မတီများ ဖွဲ့စည်းနိုင်ရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ကုန်သွယ်မှုအခက်အခဲများ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့သည်။
နေ့လည်ပိုင်းတွင် Hogoog Coffee စက်ရုံ၊ မက်မန်းနယ်စပ်ဂိတ်၊ BAIC Yunnan Ruili Automobile မော်တော်ယာဉ် တပ်ဆင်ရေးစက်ရုံများကို သွားရောက်လေ့လာခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ရှိစက်ရုံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများအား တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၅ ရက်နေ့၊ နံနက် (၁၁) နာရီက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ လင်ချန်းမြို့၊ ဟွာရက်ကျွမ်းယင် ယဉ်ကျေးမှု စင်တာ၌ လင်ချန်းမြို့ပါတီအတွင်းရေးမှူး မစ္စတာယန်ဟောင်တုံး၊ လင်ချန်း မြို့တော်ဝန် ကျန်ကြည်ကျင် ခေါင်းဆောင်သော ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာ-တရုတ်နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေးဇုန် ထူထောင်ရေး၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ အဆင့်မြှင့်တင်ရေး၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွင် အရေးပါသည့် ကွမ်လုံတံတားသစ် တည်ဆောက်ရေး၊ နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက် ရေးအတွက် သတင်းအချက်အလက် ပုံမှန်ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

No comments:

Post a Comment