Tuesday, June 20, 2017

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပုဂ္ဂလိက ငါးသားဖောက် လုပ်ငန်းများမှ ငါးသားပေါက် ကောင်ရေ (၁၈)သိန်း ထုတ်လုပ်သွားမည်

မုံရွာ ဇွန် ၂၀
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငါးသားဖောက်စခန်း (၉)ခုမှ ငါးသားပေါက်ကောင်ရေ (၁၈)သိန်း ထုတ်လုပ်ဖြန့်ချီပေးသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ တစ်ဦးချင်း ငါးစားသုံးမှု ဖူလုံစေရန်၊ ငါးသယံဇာတများ ပြုန်းတီးမှုမှ ကာကွယ်နိုင်ရန်နှင့် နိုင်ငံတော်မှ အခွန်အခများ ရရှိစေရန်အတွက် တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာနပိုင် ငါးသားဖောက်စခန်းများမှ ငါးသားပေါက်များကို ထုတ်လုပ်ဖြန့်ချီသကဲ့သို့ တစ်ပိုင်တစ်နိုင် မွေးမြူသည့် ပုဂ္ဂလိက ငါးသားဖောက်လုပ်ငန်းရှင်များမှလည်း ထုတ်လုပ်ဖြန့်ချီပေးခြင်း ဖြစ်ကြောင်း သိရသည်။
'' ကျွန်တော်တို့ တိုင်းအတွင်းမှာ မြစ်ချောင်းတွေရှိသလို အင်းတွေ၊ ငါးမွေးမြူရေးကန်တွေ၊ ဆည်တွေ ပေါများသောကြောင့် ငါးမွေးမြူရေးလုပ်ငန်းကို အများကြီးအထောက်အကူဖြစ်တဲ့အတွက် ငါးလုပ်ငန်း ဦးစီးဌာနပိုင် ငါးသားဖောက်စခန်းတွေအပြင် ပုဂ္ဂလိက ငါးသားဖောက်လုပ်ငန်းရှင်တွေကလည်း တစ်ပိုင်တစ်နိုင် သားဖောက်လုပ်ငန်းတွေ လုပ်ပြီး ဖြန့်ဝေပေးတာပါ၊ ပုဂ္ဂလိက ငါးသားဖောက်လုပ်ငန်းရှင်တွေရှိတဲ့အတွက် ဌာနပိုင်ငါးသားဖောက်စခန်းတွေနဲ့ ဝေးတဲ့ဒေသက ငါးမွေးမြူလိုသူတွေအတွက် အများကြီး ဈေးနှုန်းချိုသာစွာနဲ့မွေးမြူနိုင်စေပါတယ်'' ဟု တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ငါးသားဖောက်စခန်းများ ဖြစ်သော ဟုမ္မလင်း ငါးသားဖောက်စခန်းမှ ကောင်ရေ(၂)သိန်း၊ တမူး ငါးသားဖောက်စခန်းမှ ကောင်ရေ (၂)သိန်း၊ ကသာ (ပြည်သာယာ)စခန်းမှ ကောင်ရေ(၂)သိန်း၊ အင်းတော် (စက်တောကုန်း)စခန်းမှ ကောင်ရေ (၂)သိန်း၊ ထီးချိုင့် (အင်ကြင်းကုန်းစခန်း)စခန်းမှ ကောင်ရေ (၂)သိန်း၊ ရွှေဘို ငါးလုပ်ငန်းစခန်းမှ ကောင်ရေ (၂)သိန်း၊ ရေဦး ငါးလုပ်ငန်းစခန်းမှ ကောင်ရေ(၂)သိန်း၊ မော်လိုက် (သရက်ကုန်းရပ်ကွက်)စခန်းမှ ကောင်ရေ (၂)သိန်း၊ ကန့်ဘလူ (ဆည်ကြီးရွာ)စခန်းမှ ကောင်ရေ (၂)သိန်း၊ စုစုပေါင်း (၁၈) သိန်းကို ထုတ်လုပ်ဖြန့်ချီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)

No comments:

Post a Comment