Monday, June 5, 2017

နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော် ဇွန် ၅
၂၀၁၇ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်း ရှင်းဗဟိုဌာန- ၂ (MICC-2)၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက် အမှာ စကားပြောကြားသည်။

 အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စု ၀န်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆုရရှိသူများနှင့် ဖိတ်ကြားထား သူများတက်ရောက်ကြသည်။
အခမ်းအနား၌ နိုင်ငံတော်သမ္မတက အမှာစကားပြောကြားရာတွင် ယခုနှစ် အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်မှာ “တို့ကမ္ဘာ မြေတစ်ခွင် သာယာလှစေဖို့ သဘာဝကိုထိန်းသိမ်းစို့ဆိုသည့် ဆောင်ပုဒ်ဖြစ်ကြောင်း၊ မိမိတို့ အား လုံးနိစ္စဓူဝလှုပ်ရှားမှုများကို ခဏတစ်ဖြုတ်မေ့လျော့ထားပြီး သဘာဝပတ်ဝန်းကျင်ကြီး ၏သာယာလှပမှု၊ ထူးခြားဆန်းပြားမှုနှင့် တန်ဖိုးရှိမှုများကို သတိပြုမိစေပြီး အလေးထား လာအောင် မိမိတို့လူသားများကို တိုက်တွန်းထားခြင်းဖြစ်ကြောင်း။
မိမိတို့မြန်မာနိုင်ငံသည် မြောက်ဘက်ရေခဲတောင်တန်းများမှ တောင်ဘက် တနင်္သာရီကမ်းရိုးတန်းဒေသအထိ သာယာလှပသည့်ရှုခင်းများ၊ အမျိုးစုံသည့် သစ်တောများ၊ တောင်တန်းများနှင့် ပြည့်စုံသည့်နိုင်ငံဖြစ်ကြောင်း၊ သို့ဖြစ်၍ နိုင်ငံအဝန်း မည်သည့်နေရာမဆို မိမိတို့သည် သဘာဝပတ်ဝန်းကျင်ကြီးနှင့် နီးကပ်စွာဆက်နွယ် သည့် အခြေအနေတွင်ရှိနေကြောင်း။
အမျိုးမျိုးသော ပတ်ဝန်းကျင်ဂေဟစနစ်များ တည်ရှိနေသည့်အတွက် မြန်မာ နိုင်ငံသည် အာရှဒေသတွင် သဘာဝသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်ကြောင်း၊ ယင်းမှာ မိမိတို့တန်ဖိုးထားရမည့် သဘာဝကပေး သည့် လက်ဆောင်ဟုပြောနိုင်ကြောင်း၊ မိမိတို့နိုင်ငံ၏ သဘာဝရေမြေတောတောင်များ ထဲတွင် အပင်မျိုးစိတ် (၁၈၀၀၀) ကျော်၊ ငှက်မျိုးစိတ်ပေါင်း (၁၁၀၀) နီးပါးနှင့် နို့တိုက် သတ္တဝါမျိုးစိတ် (၃၀၀) ကျော် မှီတင်းနေထိုင် ရှင်သန်ပေါက်ရောက်လျက်ရှိကြောင်း၊ ယင်းတို့ထဲတွင် ကမ္ဘာပေါ်၌ မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်နေသည့် မျိုးစိတ် စာရင်း ဝင် အပင်မျိုးစိတ် (၆၁)မျိုးနှင့်  နို့တိုက်သတ္တဝါမျိုးစိတ် (၄၄) မျိုးပါဝင်နေကြောင်း၊ ကမ္ဘာ့ မျိုးသုဉ်းလု မျိုးစိတ်များ စာရင်းဝင်ဖြစ်သည့် ရွှေသမင်နှင့် ငှက်မျိုးစိတ်(၆)မျိုးမှာ မြန်မာ နိုင်ငံ၌သာ တွေ့ရှိနိုင်သည့် ရှားပါးမျိုးစိတ်များ ဖြစ်ကြောင်း။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကျင်းပနေရင်း မိမိတို့ လူသား များသည် အသက်ရှင်သန် စည်ပင်ဝပြောရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မိမိတို့၏ကမ္ဘာ၊ ပတ်ဝန်းကျင်ကြီးကိုလည်း မည်မျှမှီခိုအားထားရသည် ဆိုသည်ကို သတိပြုမိရန်လိုကြောင်း၊ မိမိတို့နေထိုင်သည့် သဘာဝကမ္ဘာ့ပတ်ဝန်းကျင်ကြီးသည် လူသားများ၏ အသက်ရှင်သန်ရေးကို အထောက်အကူပြုပေးနေသည့် ဂေဟစနစ်ကြီး ဖြစ်ကြောင်း။
ကမ္ဘာတစ်ဝန်းတွင် လူသားများကို သဘာဝပတ်ဝန်းကျင်ကြီးနှင့် ဆက်နွယ်ပေး ကြရန် အပြုသဘောဆောင်သည့် အစီအစဉ်များချမှတ်ပြီး အကောင်အထည်ဖော် ဆောင်နေကြသည်ကို တွေ့ရှိနေရသည့်အတွက် အထူးစိတ်အားတက်ရကြောင်း၊  ယနေ့ကမ္ဘာတစ်ဝန်းတွင် လူသားများအကျိုးအတွက် ပျက်သုဉ်းမသွားစေရန် ကာကွယ် စောင့်ရှောက်ထိန်းသိမ်းထားသည့် နေရာဒေသအများအပြားရှိနေကြောင်း၊ ယူနက်စကို ၏ အထိန်းသိမ်းခံအမွေအနှစ်စာရင်းတွင် ပါဝင်လာသည့် ဘရာဇီးနိုင်ငံက အမေဇုန် သစ်တောများ၊ တရုတ်နိုင်ငံက ဟူဘေးသစ်တောဧရိယာ၊ အီရန်နိုင်ငံက လုကန္တာရ ဒေသအပါအဝင် သဘာဝဇီဝမျိုးစုံ ပေါကြွယ်ဝသည့် အရပ်ဒေသများသည် ယူနက်စကို ၏ အထိန်းသိမ်းခံ အမွေအနှစ် စာရင်းတွင် ပါဝင်လာသည်ကို တွေ့ရသည့်အတွက်များ စွာ ဝမ်းသာကျေနပ်ရကြောင်း။
မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ကို ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ခါကာဘိုရာဇီ အမျိုးသားသဘာဝ ဥယျာဉ်၊ အလောင်းတော်ကဿပဘေးမဲ့ဥယျာဉ်၊ ရွှေစက်တော်ဘေးမဲ့တော၊ လန်ပိ အဏ္ဏဝါအမျိုးသားဥယျာဉ်၊ လူသားနှင့်ဇီဝအဝန်းနယ်မြေဟု သတ်မှတ်ထားသည့် အင်းလေးကန် စသည့်နေရာဒေသများကို ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ အပါအဝင် မြန်မာနိုင်ငံ၏ ရေမြေသဘာဝ၊ သစ်တော၊ ပန်းခြံ၊ သားရိုင်း တိရစ္ဆာန်ဘေးမဲ့ တောများ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများကို နိုင်ငံတော်အစိုးရ အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့ မိမိတို့ခံစားနေရသည့် အကြီးမားဆုံးစိန်ခေါ်မှုကြီးတစ်ခုမှာ ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်၏ ခြိမ်းခြောက်မှုပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို အများဆုံးခံနေရသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ် ကြောင်း၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ကြောင့် မကြာသေးမီက တစ်ကြိမ်တစ်ခါမျှ မကြုံ စဘူး အပူရှိန်လွန်ကဲမှုနှင့်ဆိုးရွားသည့် ရာသီဥတုဒဏ်များကို ခံစားခဲ့ရကြောင်း၊ ပြီးခဲ့ သည့် သီတင်းပတ်အတွင်းမှာ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒေသများတွင် ပျက်စီးမှုအမြောက်အမြားဖြစ်စေခဲ့သည့် မိုရာဆိုင်ကလုန်း မုန်တိုင်းသည် ရခိုင်ပြည်နယ်တွင်ရှိသည့် မြို့နယ်အချို့နှင့် ကျေးရွာများကို အပြင်းအထန် ရိုက်ခတ် သွားခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၏ အရပ်ဒေသအချို့တွင် လွန်ခဲ့သည့် ဆယ်နှစ်ခန့်ကဖြစ်ခဲ့ သည့် အဆိုးဝါးဆုံးသဘာဝ ဘေးဒဏ်တစ်ခုဖြစ်သည့် ဆိုင်ကလုန်းနာဂစ်၏ဒဏ် ခံစားခဲ့ ရမှာများကို ယနေ့တိုင်ကုစားနေရဆဲ ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် အဓိကအားဖြင့် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ် ကြောင်း၊ မိမိတို့၏ တောင်သူလယ်သမားများသည် အခြေခံစားဝတ်နေရေး အတွက် စိုက်ပျိုးရေးကို လုပ်ကိုင်ကြရာတွင် ရာသီဥတုမှန်ကန်ပြီး မိုးရေကို အချိန်အခါနှင့် အညီ အလုံအလောက် ရရှိနေရန် သဘာဝရာသီဥတုကို မှီခိုအားထားပြီး လုပ်ကိုင်နေကြ ရကြောင်း၊ ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ ခြိမ်းခြောက်မှုအန္တရာယ်ကို တုံ့ပြန်ကာကွယ်ပေးနိုင်မည့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကိုလည်း နိုင်ငံ အဝန်း ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏စီးပွားရေး ဖွံ့ဖြိုး စည်ပင်ဝပြောရေးအတွက် အလွန်အရေးပါကြောင်း။
သို့ဖြစ်၍ ရာသီဥတုပြောင်းလဲမှုဒဏ်ကို ကာကွယ်တုံ့ပြန်နိုင်ရန် ကာလရှည် အမျိုးသားစီမံချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သည်ကို အသိ အမှတ်ပြုထားသည့်အပြင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမျိုးသားမူဝါဒတစ်ရပ်ကို ထုတ်ပြန်နိုင်ရန်အတွက် အဖွဲ့အစည်းအသီးသီးက ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ ပုဂ္ဂလိက ကဏ္ဍနှင့် နိုင်ငံတကာပညာရှင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ညှိနှိုင်းရေးဆွဲ လျက်ရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အမျိုးသားမူဝါဒနှင့် လုပ်ငန်းစီမံချက်ကို မကြာမီကာလအတွင်း ထုတ်ပြန်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်မည်ဟု မျှော်လင့်ထားကြောင်း။
မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်လွယ်သည့် အခြေအနေ ကို ကာကွယ်ရန် ခံနိုင်မှုစွမ်းရည်မြှင့်တင်ရန်အတွက် နိုင်ငံတကာမိတ်ဖက်များနှင့်  ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကို မိမိတို့လက်ကမ်းကြိုဆိုကြောင်း၊ ပါရီရာသီဥတု ပြောင်းလဲမှု သဘောတူညီချက်စာချုပ်ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း ရာသီဥတု ပြောင်းလဲမှု တုံ့ပြန်ရေးဆိုင်ရာ နိုင်ငံတကာကြိုးပမ်းမှု အစီအစဉ်များတွင် ဘဏ္ဍာငွေ ရှာဖွေထောက်ပံ့ပေးရေး၊ နည်းပညာထုတ်လုပ်ရေးနှင့် လွှဲပြောင်းပေးရေး၊ စွမ်းဆောင် ရည်မြှင့်တင်ရေး စသည့်ကဏ္ဍများတွင် ဆက်လက်ပြီး ဦးဆောင်ပါဝင်တုံ့ပြန် ဆောင်ရွက်ပေးရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှု ဒဏ်ကာကွယ်ရေး၊ ခံနိုင်ရည်ရှိရေး မဟာဗျူဟာလုပ်ငန်းများကို အားပေးကူညီသွားရန်အတွက် ဖွံ့ဖြိုးပြီး နိုင်ငံများကို တိုက်တွန်းအပ်ပါကြောင်း။
မိမိတို့သည် အလှတရားများနှင့်ပြည့်စုံနေသည့်  ဇီဝမျိုးစုံမျိုးကွဲများ အပြည့် အစုံရှိနေသည့် ကမ္ဘာကြီးတွင် ရှင်သန်နေထိုင်ခွင့်ရနေခြင်းသည် ထူးကဲသည့် အခွင့် အရေးဖြစ်သည်ကို နှလုံးသွင်းခံယူပြီး သဘာဝပတ်ဝန်းကျင်ကြီးကို ဆက်လက် ထိန်းသိမ်းသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres က ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ဗီဒီယို သ၀ဏ်လွှာကို ပြသသည်။
ယင်းနောက် နိုင်ငံတော်သမ္မတက ၂၀၁၇ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့ အထိမ်းအမှတ် အလွတ်တန်း ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု နှင့် အထူးဆုရရှိကြသူများအား ဂုဏ်ပြု ဆုများကို ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂၀၁၇ ခုနှစ် ကမ္ဘာ့ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု နှင့် အထူးဆုရရှိကြသူများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဗီဒီယို မှတ်တမ်းကို ပြသသည်။
ထို့နောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့  အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိ ကြသူများနှင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနေ့အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှု ကြသည်။
ယနေ့ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ၀န်ကြီးဌာန ၈ ခု၊ NGO ၇ခု၊ INGO ၆ခုနှင့် ပုဂ္ဂလိကအဖွဲ့အစည်း ၅ခုတို့မှ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာပြခန်း ၄၂ ခန်းကို ခင်းကျင်းပြသထားသည်။
(သတင်းစဉ်)

No comments:

Post a Comment