Thursday, June 22, 2017

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ



မယ်စဲ့    ဇွန်    ၂၂
မယ်စဲ့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အကြို နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲကို ဇွန် ၂၂ ရက် နေ့လည် ၂ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စောဝတ်ရည်က ကလေးများ ဗဟုသုတအတွေးအခေါ်မြင့်မားစေရန်၊ စာအုပ်စာပေကို ချစ်ခင်မြတ်နိုးတတ်စေရန်၊ ငယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အထကောင်းများ ပေါ်ပေါက်စေရန်နှင့် ကလေးများ၏ အနာဂတ်ဘဝကို ရဲရင့်မှန်ကန်စွာ ပုံဖော်ထုဆစ်နိုင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ မယ်စဲ့မြို့မစခန်းမှူး ဒုရဲမှူး သန်းအောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများ၏ အန္တရာယ်သည် လူငယ်ထုအတွင်းကြီးမားသော စိန်ခေါ်မှုတစ်ရပ်အဖြစ် ထိုးဖောက်ဝင်ရောက်လျက်ရှိရာ ပြည်သူလူထုမှ ပူးပေါင်းပါဝင်၍ အမျိုးသားရေး စိတ်ဓာတ်ဖြင့် တွန်းလှန်တိုက်ဖျက်ရန် လိုကြောင်း ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် စာစီစာကုံးပြိုင်ပွဲတွင် "သာယာလှပ လူငယ်ဘဝ မူးယစ်ဆေးဝါးကင်းစင်မှ" ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၈ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် "နိဂုံးမလှမူးယစ်သားကောင်ဘဝ" ခေါင်းစဉ်ဖြင့် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ ၁၅ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသားကျောင်းသူများကို ဇွန်(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းနောက် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ ပြသခြင်းနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသားကျောင်းသူများ စိတ်ဝင်တစ်စား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)

No comments:

Post a Comment