Friday, June 16, 2017

စွယ်တော်မြတ်စေတီတော် (မန္တလေး) အနီးရှိ ဥယျာဉ်တော် (၁၈) ရပ်သို့ လာရောက်လေ့လာပြီး ဗုဒ္ဓဆင်းတုတော်များ လှူဒါန်းနိုင်

မန္တလေး ဇွန် ၁၆
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ စွယ်တော်မြတ်စေတီတော် ပရ၀ုဏ်ဝန်းအတွင်း၌ တည်ရှိသော ဥယျာဉ်တော် (၁၈) ရပ်သို့ လာရောက်လေ့လာနိုင်ပြီး ဗုဒ္ဓဆင်းတုတော်များ လှူဒါန်းနိုင်ကြောင်းသိရသည်။

အဆိုပါ ဥယျာဉ်တော်ကြီးကို မြေဧက (၃၀) ဧက ကျုယ်ဝန်းသော နေရာ၌ ၂၀၁၃ ခုနှစ် သြဂုတ်လကစတင်၍ ပဓါန မဟာနာယက၊ အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တတိက္ခမှကြီးမှူး၍ နယ်စပ်တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓသာသနာ ပြန့်ပွားရေး အသင်းမှဦးဆောင်ကာ စွယ်တော်မြတ်စေတီတော် (မန္တလေး) ဂေါပကအဖွဲ့တို့ပူးပေါင်း၍ စတင်တည်ထောင်ခဲ့ကြောင်း သိရသည်။
“ယနေ့ (၁၆.၆.၂၀၁၇ ရက်) အထိ အလှူရှင်တွေရဲ့ စုပေါင်းလှူဒါန်းမှုဖြင့် ဗုဒ္ဓဆင်းတုတော် (၄၅၃၈) ဆူ တည်ပြီးသွားပြီ၊ မြေဧက (၃၀) ပဲရတာဆိုတော့ ပေ(၂၀)ခြားမှာ ဆင်းတုတော်တစ်ဆူနှုန်းဆိုရင် ဆင်းတုတော် (၃၀၀၀) ဆိုရင်ကုန်သွားပြီ၊ အဲ့ဒီတော့ (၁၀) ပေခြားမှာ ဆင်းတုတော် တစ်ဆူထပ်ပူဇော်တယ်၊ ဆင်းတုတော် (၅၀၀၇) ဆူထိ ပြည့်အောင် ပူဇော်မယ် ရည်ရွယ်ထားတယ်၊ ဆင်းတုတော် လက်ရှိက (၄၅၃၈) ဆူဆိုတော့ (၄၆၉) ဆူ အလှူခံဖို့ ကျန်သေးတယ်၊ လှူဒါန်းလိုသူများ အနေဖြင့် ၂ ပေ ရွှေဆင်းတုတော် တစ်ဆူလျှင် အပင်ရယ်၊ ပလ္လင်ရယ် အပါအ၀င် တစ်ဆူလျှင် ၅ သောင်းကျပ် (အလှူရှင် ကဗ္ဗည်းပါပြီး) လာရောက်လှူဒါန်းနိုင်ပါတယ်’’ ဟုနယ်စပ်တောင်တန်းနှင့် ကမ်းရိုးတန်းဒေသအသင်းချုပ် ဥက္ကဌကြီး ဦးလှဝင်းက ပြောကြားသည်။
“စွယ်တော်မြတ်စေတီတော် ဥယျာဉ် (၁၈) ရပ်ကတော့ (၁)အင်ကြင်းဥယျာဉ်၊ (၂)လင်းလွန်း ဥယျာဉ်၊ (၃) ညောင်ပင်ဥယျာဉ် (ညောင် ဗုဒ္ဓဟေပင်၊ ပညောင်ပင်၊ ညောင်ကြတ်ပင်)၊ (၄) ကံ့ကော်ပင်ဥယျာဉ်၊ (၅) သရက်ဖြူပင် ဥယျာဉ်၊ (၆) စန္ဒကူးပင် ဥယျာဉ်၊ (၇) ပိတောက်ပင် ဥယျာဉ်၊ (၈)ရေသဖန်းပင်ဥယျာဉ်၊ (၉) ကြခတ်ပင် ဥယျာဉ်၊ ၁၀) ကုက္ကိုပင် ဥယျာဉ်၊ (၁၁) ကြောင်လျှာပင် ဥယျာဉ်၊ (၁၂) တမာ(ကျည်း) ပင် ဥယျာဉ်၊ (၁၃)ထင်းရှူးပင်ဥယျာဉ်၊ (၁၄)ထောက်ကြံ့ပင် ဥယျာဉ်၊ (၁၅) မဟာလှေကားပင် ဥယျာဉ်၊ (၁၆)သံသတ်ပင် ဥယျာဉ်၊ (၁၇)သျှိသျှားပင် ဥယျာဉ်၊ (၁၈)သခွတ်ပင်ဥယျာဉ်တော်များဖြစ်ကြသည်။ မြေဧက (၃၀)ရှိ မြေနေရာမှာ ပန်းဥယျာဉ်ကြီး တည်ဆောက်တဲ့ သဘောပါပဲ၊ ရည်ရွယ်ချက်ကတော့  မြတ်စွယ်တော်ကြီး သာသနာပြု အင်္ဂါရပ်နဲ့အညီ ဥယျာဉ်တည်ဆောက်ဖို့၊ ဥယျာဉ်တော်အတွင်းမှာ ဘုရားပွင့်တော်မူခဲ့တဲ့ အပင်တွေစိုက်ထားတာပါ၊ ရေရှည်မှာတော့ နှစ်ရှည်ပင်တွေစိုက်တဲ့အတွက် သစ်တောကြီးဖြစ်လာမယ်၊အပင်တွေက ပန်းတွေပွင့်လာမယ်၊ ပန်းတွေ ပွင့်လာတော့ စွယ်တော်မြတ်စေတီကြီးကို ရာသီမရွေး ပန်းပေါင်းစုံနဲ့ ပူဇော်ပြီးဖြစ်တယ်၊ ကျေးငှက်တိရ စ္ဆာန်တွေ ဘေးမဲ့ဥယျာဉ် သဖွယ်ဖြစ်လာမယ်၊ နောက်ပြီး ဘုရားဖူးပြည်သူများနားနေဖို့နှင့် လာရောက်အပန်းဖြေနိုင်တဲ့ နေရာတစ်ခုလည်းဖြစ်လာမယ် စတဲ့ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ထားတာပါ’’ ဟုနယ်စပ်တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ အသင်းချုပ်ဥက္ကဌ ဦးလှဝင်းမှ ဆက်လက်ပြောကြားသည်။
“ဗုဒ္ဓဆင်းတုတော်တွေက ပေ(၁၀)အကွာမှာ တစ်ဆူနှုန်းတည်ထားတာပါ၊ ဆင်းတုတော်တစ်ဆူနှင့် တစ်ဆူကြားတွင် ဘုရားပွင့် ခဲ့တဲ့ ညောင်ပင်၊ အင်ကြင်း၊ အစရှိတဲ့ အပင်(၁၈)မျိုး စိုက်တာပါ၊ ဥယျာဉ်အတွင်းရှိ အပင်များထိန်းသိမ်းရန် ၀န်ထမ်း (၅)ဦးခန့်ပြီး ပေ၂၀၀ အကွာမှာ ရေတွင်းတူးပြီး လေးပေအမြင့် အုတ်ကန်နဲ့ ရေဖြန်းပါတယ်၊ ရေဖြန်းတာလည်း မြေကြီးထဲက ရေက အနွေးဓါတ်ရှိတော့ တိုက်ရှိက်မဖြန်းဘူး၊ စက်နဲ့ရေတင်ပြီး အုတ်ကန်ထဲထည့် အုတ်ကန်ထဲကရေအေးပြီဆိုမှ အပင်တွေကို ပြန်လောင်းတယ်၊ ဒီလိုနည်းနဲ့ အပင်တွေ ပြုစုလာတာ တော်တော်လေးဖြစ်ထွန်းနေပါပြီ’’ ဟု ၄င်းက ဆက်လက်ပြောကြား သည်။
ဗုဒ္ဓဆင်းတုတော် လှူဒါန်းလိုသူများအနေဖြင့် စွယ်တော်မြတ်စေတီတော် ဥယျာဉ်တော် (၁၈) ရပ် (မန္တလေး) ရုံးသို့ လည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် တောင်စလင်းတိုက်သစ်(၆၂) လမ်းရှိ နယ်စပ်တောင်တန်းနှင့် ကမ်းရိုးတန်းဒေသ ဗုဒ္ဓ သာသနာပြန့်ပွားရေး အသင်းချုပ်ရုံး ဖုန်း ၀၂-၆၈၃၀၅ သို့လည်းကောင်း ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

No comments:

Post a Comment