Sunday, May 21, 2017

Telemedicine ထူထောင်နိုင်ရေး၊ အားကစားအဖွဲ့အောင်နိုင်ရေး၊ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး


ရန်ကုန် မေ ၂၁

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ အနောက် မြင်းပြိုင်ကွင်းလမ်းရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧည့်ရိပ်သာအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဆေးရုံအုပ်ချုပ်မှု ပညာအဖွဲ့မှ တာဝန်ရှိသူများအားတွေ့ဆုံကာ ပြည်သူ့ဆေးရုံများတွင် ဘက်စုံဝန်ဆောင်မှုဆိုင်ရာ အရည် အသွေးမြှင့်တင်ရေး ကိစ္စရပ်များနှင ပတ်သက်၍ ဆွေးနွေးသည်။

ထို့နောက် ဆေးသုတေသနဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့တို့မှ တာဝန်ရှိသူများနှင့် IT ပညာရပ်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်တို့အား  တွေ့ဆုံကာ Telemedicine ထူထောင်နိုင်ရေးကိစ္စ၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်သော အခြေအနေများတွင် မြို့နယ်ဆရာဝန်၊ တိုက်နယ် ဆရာဝန်များက Online မှတဆင့် သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများထံမှ အချိန်နှင့် တပြေးညီ အကြံအဉာဏ်များရယူနိုင်မည့် Emergency Tele-consultation System တို့ကို ထူထောင်နိုင်ရေး ဆွေးနွေးကြသည်။
ယင်းနောက်  ဂျပန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်ဥက္ကဌနှင့် အဖွဲ့တို့အား တွေ့ဆုံကာ (၂၉)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ အောင်နိုင်ရေး ကိစ္စများပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်း(ယာယီ)တို့မှ တာဝန် ရှိသူများအား တွေ့ဆုံကာ တိုင်းရင်းဆေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ (သတင်းစဉ်)

No comments:

Post a Comment