Wednesday, May 17, 2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံဆွေးနွေး



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၄နာရီ မိနစ် ၂ဝတွင် တရုတ်ပြည်သူ့ခန်းမကြီး  (Dongdating Hall)၌ လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်းတို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၃နာရီခွဲတွင် တရုတ်ပြည်သူ့ခန်းမရှိ (Beijing Hall)၌ လည်းကောင်း တွေ့ဆုံသည်။




ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ဖြစ်ထွန်းပြီး ဖြစ်သော ဆွေမျိုး ပေါက်ဖော် ဆက်ဆံ ရေးကိုအခြေခံ၍ ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်ဘက် အဆင့်မြင့် ခေါင်းဆောင်များ အကြား ချစ်ကြည်ရေး ခရီးများ အပြန်အလှန် လည်ပတ် သွားလာရေး၊ နှစ်နိုင်ငံ ပြည်သူ အချင်းချင်း ချစ်ကြည် ရင်းနှီးမှု တိုးမြှင့် ဖော်ဆောင်ရေးနှင့် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံ အကြား ဆောင်ရွက်လျက် ရှိသည့် စီမံကိန်းကြီးများနှင့် ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့် အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဦးအောင်ထူး၊ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲ အပြီးတွင် အဆိုပါခန်းမ၌ မြန်မာ- တရုတ် နှစ်နိုင်ငံ သဘောတူ စာချုပ်များ  ချုပ်ဆိုပွဲ အခမ်းအနားကို ဆက်လက် ကျင်းပရာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ တရုတ်စီးပွားရေးဝန်ကြီး H.E.Mr. Zhong Shan၊ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ H.E.Mr.ZhangYong၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ကျန်းမာရေးနှင့် မိသားစုစီမံ ခန့်ခွဲရေး ကော်မရှင် ဝန်ကြီး H.E.Ms. Li Bin၊ အမျိုးသား ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး ဝန်ကြီး H.E.Mr. Liu Yuzhu တို့က နှစ်နိုင်ငံ သဘောတူစာချုပ် ၅ စောင်ကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီခချန်းတို့ ရှေ့မှောက်၌ လက်မှတ် ရေးထိုးပြီး အပြန်အလှန် လဲလှယ်ကြသည်။ 
ယနေ့ကျင်းပသည့် နှစ်နိုင်ငံ သဘောတူ စာချုပ်များ လက်မှတ် ရေးထိုးပွဲတွင် “စီးပွားရေးနှင့် နည်းပညာ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘော တူညီချက် စာချုပ်”၊ “မြန်မာ- တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုဇုန် တည်ထောင်ရေး သဘောတူ စာချုပ်”၊ “စီးပွားရေး ပိုးလမ်းမ  ရပ်ဝန်းတစ်ခုနှင့် (၂၁)ရာစု ရေကြောင်း ဆိုင်ရာ ပိုးလမ်းမ ရပ်ဝန်းတစ်ခု စတင်ခြင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်”၊ “ကျန်းမာရေး ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်”နှင့် “ငလျင်အလွန် ပုဂံရှိ သမိုင်းဝင် အဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရေးနှင့် ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ်”များကို လက်မှတ် ရေးထိုးနိုင်ခဲ့သည်။
ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့် အတူ ပေကျင်းမြို့ရှိ Anzhen Hospital သို့ သွားရောက်ပြီး မြန်မာနိုင်ငံမှ နှလုံးရောဂါ ခံစားနေရသည့် ကလေးငယ်များအား ခွဲစိတ်ကုသမှု အခြေအနေများကို လှည့်လည် ကြည့်ရှုပြီး အားပေးစကား ပြောကြားသည်။ 
အဆိုပါ ခွဲစိတ်ကုသမှု အစီအစဉ်သည် ၂ဝ၁၆ ခုနှစ် သြဂုတ် ၁၉ ရက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ပြီးနောက် အကောင် အထည်ဖော်သည့် အစီအစဉ်ဖြစ်ပြီး တရုတ် အမျိုးသား ကုသိုလ်ဖြစ် အဖွဲ့ချုပ်၏ “နယ်နိမိတ် အကန့်အသတ် မရှိသည့် ချစ်မေတ္တာ စိတ်ဖြင့် မြန်မာနိုင်ငံတွင် မွေးရာပါ နှလုံးရောဂါ စွဲကပ်နေသည့် ကလေး သူငယ်များအား ကုသ ကယ်တင်ရေး” လှုပ်ရှားမှု ဆောင်ရွက်ချက် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆင်းရဲ နွမ်းပါးသော အိမ်ထောင်စုများရှိ မွေးရာပါ နှလုံးရောဂါ ခံစား နေရသည့် ကလေးသူငယ် ၁ဝဝ ဦးခန့် အနက်မှ ၅၄ ဦးကို တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ခေါ်ယူ ခွဲစိတ် ကုသပေးနိုင်ရန် ရန်ကုန်မြို့ရှိ ရန်ကင်း ကလေး ဆေးရုံကြီး၌ ရောဂါရှာဖွေ စမ်းသပ် စစ်ဆေးမှုများကို ဆောင်ရွက်ပြီး မွေးရာပါနှလုံး ရောဂါ ဝေဒနာရှင် ကလေးငယ် ၅၄ ဦးကို ရွေးချယ်ကာ ယခု ဆေးရုံကြီး၌ ခွဲစိတ် ကုသပေးနေခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့အချိန်အထိ ပေကျင်းမြို့သို့ မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ၁၂ ဦး ရောက်ရှိပြီး ဆေးဝါးကုသမှု ခံယူလျက်ရှိရာ ဝေဒနာရှင် ကလေးငယ် ၈ ဦးအား အောင်မြင်စွာ ခွဲစိတ် ကုသပေးပြီး ဖြစ်ကြောင်း သိရသည်။
ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် Chinese People Political Consultative Conference ဒုတိယဥက္ကဋ္ဌ Mr.Wang Jiarui က တည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
ဒေသစံတော် နံနက် ၇ နာရီခွဲကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် တရုတ် ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဌာန ဝန်ကြီး မစ္စတာ စုန်တောင်းက တည်ခင်း ဧည့်ခံသည့် အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်ခဲ့သည်။
(သတင်းစဉ်)

No comments:

Post a Comment