Thursday, May 11, 2017

ဂန့်ဂေါတွင် လေဘေးထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဂန့်ဂေါ မေ ၁၁
ဂန့်ဂေါမြို့နယ် ဇာဟော၊ လာပို့၊ ကျွန်းဒတ် ကျေးရွာများတွင် မေ ၉ ရက်က လေပြင်း တိုက်ခတ်ခဲ့ရာ ဇာဟောကျေးရွာတွင် လူနေအိမ် ၂၈ လုံး၊ လာပို့ကျေးရွာတွင် နေအိမ် ၁၂ လုံး၊ ကျွန်းဒတ်ကျေးရွာတွင် လူနေအိမ် ၂၀ လုံးတို့ အမိုးများ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပျက်စီးခဲ့သည့် မိသားစုများထံ မေ ၁၁ ရက် နံနက်က ဂန့်ဂေါမြို့နယ် ဇာဟောကျေးရွာ စာသင်ကျောင်း၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ထောက်ပံ့သည့် ပစ္စည်းများ ပေးအပ်ပွဲပြုလုပ်ရာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လှိုင် တို့က အိမ်မိုးများပျက်စီးသွားသည့် လူနေအိမ် ၂၈ လုံး အတွက် ငွေကျပ်စုစုပေါင်း ၇၇၀၀၀၀ ကျပ် နှင့် မိသားစုဝင် ၁၀၂ ဦးအတွက် ဆန်ဖိုး ငွေကျပ် စုစုပေါင်း ၂၁၄၂၀၀ ကျပ်ကို အသီးသီးပေးအပ် ထောက်ပံ့ ခဲ့ကြကြောင်း သိရသည်။
ထို့အတူ အဆိုပါနေ့တွင် လာပို့ရွာ စာသင်ကျောင်း၌ လာပို့ရွာတွင် အိမ်မိုးများပျက်စီးသွားသည့် မိသားစုများထံ ထောက်ပံ့ပွဲပြုလုပ်ရာ အိမ်မိုးများ ပျက်စီးသွားသည့် လူနေအိမ် ၁၂ လုံးအတွက် ငွေကျပ် ၃၆၀၀၀၀ ကျပ်နှင့် မိသားစုဝင် ၄၂ ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ ၈၈၂၀၀ ကျပ်တို့ကို လည်းကောင်း၊ ကျွန်းဒတ်ကျေးရွာတွင် အိမ်မိုးများ ပျက်စီးသွားသည့် မိသားစုများထံ ထောက်ပံ့ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ လူနေအိမ် ၂၀ လုံး အိမ်မိုးများ ပျက်စီးမှုအတွက် ငွေကျပ် ၄၀၀၀၀၀ ကျပ်နှင့် မိသားစုဝင် ၈၇ ဦးအတွက် ဆန်ဖိုးငွေ ၁၈၂၇၀၀ ကျပ် တို့ကို လည်းကောင်း ထောက်ပံ့ကြသည့်အပြင် ပစ္စည်းလေးမျိုးကိုလည်း ထောက်ပံ့ပေးအပ်ကြကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်) 

No comments:

Post a Comment