နေပြည်တော် မေ ၂၂
ပြည်ထောင်စုငြိမ်းချမ်းရေး
ညီလာခံ -၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို နေပြည်တော်၌ မေ ၂၄ရက်မှ ၂၈ရက်ထိ ၅ ရက်ကြာကျင်းပသွားမည်
ဖြစ်သည်။
ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစုပင်လုံ
ဒုတိယ အစည်းအဝေးကျင်းပမည့် အခြေအနေနှင့် ပတ်သက်၍ ညီလာခံပထမနေ့ နံနက်ပိုင်းတွင် ညီလာခံဖွင့်ပွဲအခမ်းအနားကို
ကျင်းပမည်ဖြစ်ကြောင်း၊ ညီလာခံဖွင့်ပွဲ ကျင်းပ သည့်အခါ ယခင်ကျင်းပ ပြီးစီးခဲ့သည့် ၂၁
ရာစုပင်လုံ ပထမ အစည်းအဝေးကဲ့သို့ ခေါင်းဆောင်များက အဖွင့်အမှာစကား ပြောကြားကြမည်ဖြစ်ကြောင်း။
ညနေပိုင်းတွင် ညီလာခံကိုယ်စားလှယ်တော်ကြီးများ
သိသင့်သိထိုက်သည့် အချက်အလက်များကို ဆွေးနွေးမည့်ပုံစံများ အား ရှင်းလင်းတင်ပြပြီး
လိုက်နာရမည့်စည်းကမ်း များကို ရှင်းလင်းဆွေးနွေးခြင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ကျင်းပသည့်
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေး တက်ရောက်
ခဲ့သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဌ၊ UPDJC အတွင်းရေးမှူး ခွန်မြင့်ထွန်းက
ပြောသည်။
“ဒုတိယနေ့နဲ့ တတိယနေ့မှာတော့
ကဏ္ဍအလိုက်ဆွေးနွေးမှုတွေကို ဆောင်ရွက်မှာ ဖြစ်ပါတယ်၊ အဲ့ဒီအခါမှာ ညီလာခံ ကိုယ်စားလှယ်
(၇၀၀)ကို ကဏ္ဍ ၅ ခုခွဲပြီး ဆွေးနွေးမှာ ဖြစ်ပါတယ်၊ လိုအပ်ခဲ့ရင် မိမိတို့ အစုအဖွဲ့အလိုက်
ဆွေးနွေးမှုတွေ လည်းရှိမှာဖြစ်ပါတယ်၊ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့အလိုက်
ဆွေးနွေးတာမျိုး၊ နိုင်ငံရေးပါတီရဲ့ အစုအဖွဲ့အလိုက် ဆွေးနွေးတာမျိုး၊ အဲ့ဒီအစုအဖွဲ့လိုက်
ဆွေးနွေးတာတွေကလည်း ဒုတိယနေ့နဲ့ တတိယနေ့မှာ လိုအပ်သလို ဆွေးနွေးကြမှာ ဖြစ်ပါတယ်” ဟု ခွန်မြင့်ထွန်းက ပြောကြားသည်။
ထို့ပြင် ခွန်မြင့်ထွန်းက
“စတုတ္တနေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကြီးကို
ဦးဆောင်ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ရဲ့
အစည်းအဝေးနဲ့ အတွင်း ရေးမှူးအဖွဲ့ အစည်းအဝေးတွေကို ကျင်းပ သွားမှာဖြစ်ပါတယ်။ ပဉ္စမနေ့မှာတော့
အားလုံး သဘောတူ ညှိနှိုင်းရရှိတဲ့ အချက်တွေကို ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ် အပိုင်းတစ်ရပ်အနေနဲ့
ချုပ်ဆိုခြင်းနဲ့ အတည်ပြုခြင်း တွေကို ဆောင်ရွက်သွားမှာပါ။” ဟု ဆက်လက်ပြောကြားသည်။
ညီလာခံတက်ရောက်မှုအပိုင်းနှင့်
ပတ်သက်၍ ခွန်မြင့်ထွန်းက “အခုလောလော လတ်လတ်
သိရှိတာကတော့ NCA မှာ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့ကတော့ ဒီညီလာခံကို တက်ရောက်မှာဖြစ်ပါတယ်၊
ကျန်တဲ့အဖွဲ့ အစည်းတွေအနေနဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေထဲက မိုင်းလားအဖွဲ့လို့ သိရှိထားတဲ့
အထူးဒေသ ၄ ကတော့ အထူးဖိတ်ကြား သူများကိုယ်စားလှယ်အနေနဲ့ တက်ရောက်မှာဖြစ်ပါတယ်၊ ကျန်တဲ့အဖွဲ့
အစည်းတွေ အခြေအနေကိုတော့ ကျွန်တော်တို့ မသိသေးပါဘူး”ဟု ပြောသည်။
သတင်း - မျိုးသူဟိန်း (သတင်းစဉ်)
ဓာတ်ပုံ - ထိန်နန်နော် (သတင်းစဉ်)
No comments:
Post a Comment