Monday, May 15, 2017

ငါ့သရောက်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငါ့သရောက်     မေ    ၁၅
မန္တလေးတိုင်းဒေသကြိး၊ ငါ့သရောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာကံမင်းအောင် ဦးဆောင်၍ ဝန်ထမ်းများ အဖွဲ့သည် မေ ၁၅ ရက်၊ ယနေ့နံနက် ၈ နာရီက ငါ့သရောက်မြို့၊ အမှတ်(၄)သိမ်တော်ရပ်ကွက်သို့ သွားရောက်ပြီး ဒေသခံပြည်သူများ ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် ကုသခြင်း လုပ်ငန်း၊ ပတ်ဝန်ကျင်သန့်ရှင်းမှုရှိစေရန် ပိုးလောက်လန်း နှိမ်နင်းရေးလုပ်ငန်းနှင့် ယင်လုံအိမ်သာ စစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ပြီး  ပြည်သူများအားဆေးဝါးများဖြင့် အနီးကပ် ကျန်းမာရေးစစ်ဆေးကုသပေးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျွန်တော်တို့ ငါ့သရောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ယခုလို မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကူးစက်ရောဂါ ဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ရပ်ကွက်များအလိုက်ကွင်းဆင်းပြီး ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွေ ပြုလုပ်ပါတယ်။ အသိပညာပေးဟောပြောပွဲပြုလုပ်တဲ့အခါမှာ လည်း ပြည်သူလူထုတစ်ရပ်လုံးက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွား သေဆုံးမှု လျော့နည်းကျဆင်းစေရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်လာအောင် အသိပညာပေး ဟောပြောမှုတွေ ဆောင်ရွက်ပါတယ်။ နောက်ပြီးဒေသခံပြည်သူတွေ ခြင်ကြောင့်ဖြစ်တတ်တဲ့ ကူးစက်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် ပိုးလောက်လန်းနှိမ်နင်းခြင်းလုပ်ငန်းများကိုလည်း စစ်ဆေးဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် ကျန်းမာရေးချို့တဲ့နေသည့် ပြည်သူများကို ဆေးဝါးများဖြင့် အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးခြင်း၊ (၅)နှစ်အောက်ကလေးငယ်တွေ ကိုယ်အလေးချိန် တိုင်းတာပေးခြင်းများ ပြုလုပ်ပေးပါတယ်။ အခုလိုကူးစက်ရောဂါ ဖြစ်ပွားသေဆုံးမှု လျော့နည်းကျဆင်းစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနဲ့ စစ်ဆေးခြင်းများကို ကျန်ရှိတဲ့ ရပ်ကွက်တွေကိုလည်း ဆက်လက်ကွင်းဆင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်ဟု ငါ့သရောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာကံမင်းအောင်က ပြောပြခဲ့ကြောင်း သတင်းရရှိသည်။

ရဲဝင်းနိုင်(ညောင်ဦး) 

No comments:

Post a Comment