Sunday, May 21, 2017

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဂျုံဧကတစ်သိန်းကိုးသောင်းကျော် စိုက်ပျိုးရန် လျာထား

မုံရွာ မေ ၂၁
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် ၊ ယင်းမာပင်၊ ကသာ၊ ကလေး၊ တမူး၊ ခန္တီးခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ မြို့နယ်များတွင် ဂျုံသီးနှံ (၁၉၉၃၇၃) ဧက စိုက်ပျိုးနိုင်ရေး လျာထားလျက်ရှိကြောင်း တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဂျုံသီးနှံကို ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် (၁၈၁၈၁၅)ဧကကို လည်းကောင်း၊ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ဧက(၂၁ဝဝဝဝ)ကိုလည်းကောင်း လျာထားစိုက်ပျိုးနိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင်လည်း (၁၉၉၃၇၃) ဧကကို စိုက်ပျိုးနိုင်ရေး လျာထားကြောင်း သိရသည်။
''စစ်ကိုင်းတိုင်းဒေသကြီးမှာ မုံရွာ၊ စစ်ကိုင်းနှင့် ရွှေဘိုမြို့တွေမှာရှိတဲ့ စက်မှုဇုန်တွေမှာ ဂျုံမှုန့်ကြိတ် စက်ရုံတွေ ရှိတယ်၊ နောက်ပြီး အသေးစား ဂျုံကြိတ်ခွဲရေး စက်တွေလည်းရှိတယ်၊ အဲဒီစက်ရုံတွေမှာ အဓိကလိုအပ်တဲ့ ဂျုံသီးနှံတွေကို မုံရွာ၊ စစ်ကိုင်း၊ ရွှေဘိုနဲ့ ယင်းမာပင် ခရိုင်တွေမှာရှိတဲ့ မြို့နယ်တွေမှာ စိုက်ပျိုးကြတာပါ၊ အခု နောက်ပိုင်း စက်မှုဇုန်တွေမှာ မြန်မာ့ဂျုံတွေနဲ့စာရင် ဈေးသက်သာတဲ့အိန္ဒိယ ဂျုံနီတွေက ဂျုံဆန်ကော၊ ဂျုံမှုန့်တွေ အဝင်များလာတော့ မြန်မာ့ဂျုံတွေက အခုနောက်ပိုင်းမှာ ဈေးမရတော့ စိုက်ပျိုးဖို့အတွက် တောင်သူတွေ စိတ်ဝင်စားမှု နည်းလာတယ်'' ဟု တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဂျုံသီးနှံကို စစ်ကိုင်းခရိုင်အတွင်း (၆၆၈၇၈)ဧက၊ မုံရွာခရိုင်အတွင်း (၄၈၁ဝဝ) ဧက၊ ယင်းမာပင်ခရိုင်အတွင်း(၄၁၇၇၅)ဧက၊ ရွှေဘိုခရိုင်အတွင်း(၃၈၄ဝဝ)ဧက၊ ကသာခရိုင်အတွင်း (၉၄)ဧက၊ ကလေးခရိုင်အတွင်း (၃၅၆ဝ)ဧက၊ တမူးခရိုင်အတွင်း (၅ဝဝ)ဧက၊ ခန္တီးခရိုင်အတွင်း(၅ဝ)ဧကနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း (၁၆)ဧက၊  စုစုပေါင်း(၁၉၉၃၇၃)ဧကကို စိုက်ပျိုးနိုင်ရေး လျာထားကြောင်း သိရသည်။
ဝင်းဦး(မုံရွာ-ပြန်/ဆက်)


No comments:

Post a Comment