Wednesday, May 17, 2017

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ်၊ ဗီယက်နမ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌတို့ သီးခြားစီ တွေ့ဆုံ ဆွေးနွေး



နေပြည်တော်  မေ ၁၆
ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် အဖွဲ့သည် မေ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲတွင် ဗီယက်နမ် အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း၏ ဂူဗိမ္မာန်ကို သွားရောက် ပန်းခွေချ အလေးပြုကြသည်။

ဆက်လက်၍ ဗီယက်နမ် အမျိုးသား ခေါင်းဆောင်ကြီး ဟိုချီမင်း နေထိုင်ခဲ့သော နေအိမ်ကို  လှည့်လည် ကြည့်ရှု လေ့လာကာ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ် ရေးထိုးပြီး  စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌသည် ဗီယက်နမ် အမျိုးသား လွှတ်တော်သို့ သွားရောက်၍ ဗီယက်နမ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ H.E.  Madam  Nguyen Thi  Kim  Ngan နှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ် ကိစ္စရပ်များ၊  နိုင်ငံရေး၊ စီးပွားရေး၊ စိုက်ပျိုး မွေးမြူရေး စသည့်ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို ခိုင်မြဲရေးနှင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု ပိုမို အောင်မြင်စေရေး တို့ကို ဆွေးနွေးကြသည်။
ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌသည် ဗီယက်နမ် ဝန်ကြီးချုပ် H.E. Mr. Nguyen Xuan Phuc နှင့် အစိုးရအဖွဲ့ရုံးတွင် လည်းကောင်း၊ ဒေသ စံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ် ကွန်မြူနစ် ပါတီ အထွေထွေ အတွင်းရေးမှူး H.E. Mr. Nguyen  Phu  Trong နှင့် ကွန်မြူနစ် ပါတီရုံး၌ လည်းကောင်း နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဗီယက်နမ် အမျိုးသား လွှတ်တော် အတွင်း လှည့်လည်ကြည့်ရှု လေ့လာ ကြပြီးအမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် အဖွဲ့အား ဗီယက်နမ် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ  H.E.  Madam Nguyen Thi   Kim Ngan က ဗီယက်နမ် အမျိုးသား လွှတ်တော်တွင် ဂုဏ်ပြု ညစာဖြင့် တည်ခင်းခဲ့ကြောင်း သိရှိရသည်။
(သတင်းစဉ်)

No comments:

Post a Comment