Tuesday, May 23, 2017

ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေး နည်းပညာသုံး သင်တန်းဖွင့်လှစ်

မန္တလေး မေ- ၂၂
ပြည်သူများ၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အများပြည်သူနှင့် ထိတွေ့ဆက်ဆံနေရသည့် အခြေခံ ပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသောသူများအား နည်းပညာအသုံးပြုကာ အသိပညာ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် Myanmar Book Aid & Preservation Foundation (MBAPF)နှင့် UNESCO တို့ ပူးပေါင်းကာ Communication for Development ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေး သင်တန်းတို မန္တလေးမြို့ရှိ ယုံကြည်ရာ အသိပညာ ပြန့်ပွားရေး အသင်းတွင် မေလ (၂၂)ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ ယုံကြည်ရာ အသိပညာပြန့်ပွားရေးအသင်းအနေနဲ့ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ၊ အသိပညာပေးတွေကို စဉ်ဆက်မပြတ် ကျင်းပနေတာပါ၊ ဒီ Communication for Development ကို UNESCO နဲ့ ပူးပေါင်းပြီးမှ ဖွင့်ဖြစ်တာပါ။ ဒီနှစ်ထဲမှာ (၄)ကြိမ် ဖွင့်လှစ်ဆောင်ရွက်သွားမှာပါ၊ ဒီနေရာအပြင် အခြားမြို့တွေမှာလည်း ဆက်လက် ဖွင့်လှစ်သွားမှာပါ၊ သင်တန်းဖွင့်လှစ်ခြင်း အားဖြင့် ကျေးလက်တောရွာမှာနေတဲ့သူလည်း နည်းပညာအသုံးပြုပြီး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်တယ်” ဟု ယုံကြည်ရာ အသိပညာ ပြန့်ပွားရေးအသင်းမှ ကိုဇော်ထက်အောင်က ပြောကြားသည်။
အဆိုပါ Communication for Development ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေး သင်တန်းတွင် ပြည်သူများအတွင်း အသိပညာပြန့်ပွားရေး ဆောင်ရွက်လျှက်ရှိသော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ ၀န်ထမ်းများနှင့် UNDP မှ ၀န်ထမ်းများ စုစုပေါင်း (၂၆)ဦး တက်ရောက်လျှက်ရှိကြောင်း၊ သင်တန်းကာလမှာ (၃)ရက်တာ ကြာမြင့်မည်ကြောင်း၊ ဒုတိယအကြိမ် သင်တန်းကို မေလ (၃၀)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့ထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

(ထွန်းထွန်းနိုင်- ကျောက်ဆည်-ပြန်/ဆက်)

No comments:

Post a Comment