Wednesday, May 24, 2017

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး) ဖွင့်ပွဲအခမ်းအနား ကျင်းပ


နေပြည်တော် မေ ၂၄
 
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC – 2) ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ လွှတ်တော် ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ၀န်ကြီးချုပ်များ၊ တပ်မတော် အရာရှိကြီးများ၊ လွှတ်တော်ကော်မတီ ဥက္ကဋ္ဌများ၊ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်သား အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စား လှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေး ထိုးထား သည့် ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA )(PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင် တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့မှ ကိုယ်စား လှယ်များ၊ NCA လက်မှတ် မရေးထိုး ရသေးသည့် '၀' ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ '၀' ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSP/UWSA)၊ ရက္ခိုင့်တပ်မတော် (AA)၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA)၊ ကချင် လွတ်မြောက်ရေးအဖွဲ့၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIO/KIA) တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံခြား သံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံကျင်းပရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။ 

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးဆေးဖိုး၊ နိုင်ငံရေးပါတီများ ကိုယ်စား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တို့က အမှာစကား ပြောကြားကြပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ 

အခမ်းအနားအပြီးတွင် မြေညီထပ်၌ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့်တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံရုံးများမှ သံတမန်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ နှင့်လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့်လည်း ကောင်း၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ နှင့်လည်းကောင်း၊ အစိုးရနှင့် လွှတ်တော်တို့မှ ကိုယ်စားလှယ်များ နှင့်လည်းကောင်း၊ တပ်မတော်အရာရှိကြီးများ နှင့်လည်းကောင်း၊ အရပ် ဘက်အဖွဲ့အစည်း CSO များမှ လေ့လာသူများ နှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

ညပိုင်းတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ (ဒုတိယ အစည်းအဝေး) သို့ တက်ရောက် လာကြသည့် ဧည့်သည်တော်များအား ပြည်ထောင်စု ငြိမ်းချမ်း ရေးညီလာခံ - (၂၁)ရာစု ပင်လုံကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ဂုဏ်ပြု ညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံသည်။
(သတင်းစဉ်)

No comments:

Post a Comment