Sunday, May 21, 2017

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ


နေပြည်တော် မေ ၂၀
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဆိုင်ရာ ၂၀၁၇ ခုနှစ် ၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင် အထည်ဖော်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲတွင် အဆိုပါ ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ဝန်ကြီးဌာနအနေဖြင့် ရည်မှန်းချက် တာဝန်များ ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလုပ်ငန်းများ၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် နိုင်ငံသားမှတ်ပုံတင်ရေး ဆိုင်ရာလုပ်ငန်းများ၊ ပြည်သူ့အင်အား စာရင်းကောက်ယူ ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ရာတွင် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်၍ ဖြေလျော့ ဆောင်ရွက်မှု များဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊
သစ္စာစီမံချက်ဖြင့်ဆောင်ရွက်ခဲ့သည့် ဌာန၏လုပ်ငန်းစဉ် တွေထဲက အမည်မည်းစာရင်း (Black List) ရေးသွင်းခြင်းဆိုင်ရာ မူဝါဒများကို ဥပဒေနှင့် အညီဖြေလျော့ခြင်း၊ ပြည်ဝင်ဗီဇာကိစ္စရပ်များကို ဖြေလျော့ ပေးခြင်း တို့ကြောင့် မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားများသည် ပြည်ဝင်/ ပြည်ထွက်မှု လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ကြပြီဖြစ်ပါ ကြောင်း၊ ရွှေ့ပြောင်းနေထိုင်သူများနှင့် အလုပ်သမားများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးခြင်း၊ အသက်(၁၀) နှစ်ပြည့် ကျောင်းသား/ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် ကိုင်ဆောင်သည့် ကတ်ပြား တစ်မျိုးမျိုး ထုတ်ပေးခြင်း၊ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေနှင့်အညီ သက်ဆိုင်သည့် ကတ်ပြားတစ်မျိုးမျိုး စိစစ်ထုတ်ပေးခြင်း၊ မြန်မာနိုင်ငံအတွင်း၌ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ စိစစ်နိုင်ခြင်းမရှိသေး သောပြည်သူ များအတွက် နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား(NV Card) ထုတ်ပေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊
 ရှေ့လုပ်ငန်းစဉ်ထဲမှာ မပါဝင်သော်လည်း အလုပ်သမားရေးရာဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်ရတဲ့ လုပ်ငန်းတစ်ခု ဖြစ်သော ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအား ထိုင်းနိုင်ငံအတွင်း တရားဝင်နေ ထိုင် လုပ်ကိုင်နိုင်ရန်အတွက် သာမန်မြန်မာနိုင်ငံကူးလက်မှတ်နှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် (C of I) ထုတ်ပေးနိုင်ရေးအတွက် National Verification System ဖြင့် နိုင်ငံသား ဖြစ်မှု စိစစ်ခြင်း လုပ်ငန်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ယခုအစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများ၏ အောင်မြင်မှုများနှင့် ရှေ့လုပ်ငန်းစဉ်တွေ အပေါ် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ၊ လုပ်ငန်း ဆိုင်ရာ အခက်အခဲများ၊ လုပ်ငန်း လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြကြရန်ဖြစ်ပါကြောင်းဖြင့် အကျယ် တဝင့် ရှင်းလင်းမှာ ကြားသည်။
ထို့နောက် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များကို အသီးသီး ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန်က လုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အားနည်းချက်၊ အားသာချက် များနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး၊ ညွှန်ကြားရေးမှူးချုပ်များမှ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်မှု အခြေအနေများကို ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 (သတင်းစဉ်)

No comments:

Post a Comment