Monday, May 8, 2017

ဝါးခယ်မမြို့နယ်၌ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနား ကျင်းပ


 ဝါးခယ်မ မေ ၈

၂၀၁၇ ခုနှစ် မေ ၈ ရက်တွင် ကျရောက်သော ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားအား စာရေးကုန်းရပ်ကွက် စက္ခုပါလဆေးခန်း၌ မေလ ၈ ရက် နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဝါးခယ်မမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ကြက်ခြေနီ အသင်းခွဲ ကြီးကြပ်မှုကော်မတီ ဒုဥက္ကဋ္ဌ ဂုဏ်ထူးဆောင် ဒုတပ်ရင်းမှူး ဦးစိုးတင့်က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူမှ ပေးပို့သည့် (၆၉) နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ် ကြက်ခြေနီအသင်းခွဲ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဝင်းတင်၊ အဖွဲ့ဝင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာဒေါ်ခင်အေးရီတို့က " လူတိုင်းအတွက် အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ " ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အကူအညီလိုအပ်သူများအတွက် ကိုယ်ကျိုးမဖက် စေတနာအရင်းခံဖြင့် လူမှုဂရုဏာ အကူအညီများ ဆောင်ရွက်ပေးသွားရန် လိုအပ်ကြောင်း၊ စေတနာ၊ ဝါသနာကို အရင်းခံကာ အနစ်နာ၊ ဂရုဏာ၊ စာနာစိတ်ဖြင့် ကြက်ခြေနီ အခြေခံမူများနဲ့အညီ အကျိုးရှိရှိ ဦးတည်ချက် မပျောက်ပဲ ညီညွတ်စွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လူမှုဂရုဏာလုပ်ငန်းဆိုင်ရာ အခန်းကဏ္ဍတွေမှာ ပြည်သူနှင့် ကြက်ခြေနီ အတူလက်တွဲကာ နိုင်ငံအကျိုး၊ ပြည်သူ့အကျိုးကို ဘေးကင်းလုံခြုံစွာဖြင့် ဆောင်ရွက်ပေးကြရန် ပြောကြားပေးသည်။
အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရွှေလောင်း၊ ကျုံမငေး၊ ဝါးခယ်မမြို့ပေါ်ရှိ ကြက်ခြေနီတပ်ဖွဲ့ဝင် စုစုပေါင်း ၁၀၂ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ 


လွှမ်းသီဟ (ဝါးခယ်​မ)

No comments:

Post a Comment