Friday, April 28, 2017

ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့်ရရှိရေးအား လူတန်းစား အားလုံး လက်လှမ်းမီရရှိနိုင်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲနှင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာရေးစောင့်ရှောက်မှု စနစ်ရရှိရေးဆိုင်ရာ ဝန်ကြီးအဆင့် ဆွေးနွေးပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး တက်ရောက်


နေပြည်တော် ဧပြီ ၂၈
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီ(၁၉)ရက်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၊ Pan American Health Organization (PAHO)၌ ကျင်းပသော ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့်
ရေကောင်းရေသန့် ရရှိရေးအား လူတန်းစား အားလုံး လက်လှမ်းမီရရှိနိုင်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲသို့ တက်ရောက်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဆောင်ရွက်လျက်ရှိသော စီမံချက်များနှင့် ရေရှည် တည်တံ့စေရန် ထိန်းသိမ်းဆောင်ရွက်နိုင်ရေး ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ Ministerial Dialouge ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံ၌ ဝန်ကြီးဌာနများ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေကောင်းရေသန့်ရရှိရေး၊ ယင်လုံအိမ်သာ စနစ်ကောင်းမွန်ရေး၊ တကိုယ်ရေ သန့်ရှင်းရေးနှင့် စနစ်တကျအမှိုက် စွန့်ပစ်ရေးစသည့် အလုံးစုံပါဝင်သော ပြီးပြည့်စုံသည့် အမျိုးသားကျန်းမာရေး ရက်သတ္တပတ် (Comprehensive National Sanitaion Week) ကျင်းပနိုင်ရေးအတွက် ဆွေးနွေးသည်။
ယင်းနောက်ဝါရှင်တန်မြို့ Chemonics Headquarter တွင် Procurement and Supply Management(PSM) မှ တာဝန်ရှိသူများနှင့်လည်းတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် PSM ဆိုင်ရာကိစ္စရပ်များ စနစ်တကျဖြစ်စေရေး၊ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ရေး၊ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။
ဧပြီ(၂၀)ရက်တွင် ဝါရှင်တန်မြို့၊ PAHO ၌ကျင်းပသည့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့်ရရှိရေးအား လူတန်းစားအားလုံး လက်လှမ်းမီ ရရှိနိုင်ရေး ဝန်ကြီးအဆင့် ဆွေးနွေးပွဲသို့တက်ရောက်ကာ အခြားနိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများ၊ ဘဏ္ဍာရေး ဝန်ကြီးများနှင့်အတူ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့် ရရှိရေးအတွက် ရန်ပုံငွေများ ဖြည့်တင်းရရှိနိုင်ရေး၊ ရေရှည်တည်တံ့အောင် ထိန်းသိမ်း ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးသည်။
နေ့လည်ပိုင်းတွင် ဝါရှင်တန်မြို့၊ May Flower Hotel ၌ USAID မှ တာဝန်ရှိသူများအားတွေ့ဆုံကာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ဆက်လက်ပြီး ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အခြေစိုက် ကမ္ဘာ့ဘဏ်ရုံးခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွင်း ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ ရန်ပုံငွေများကို အကျိုးရှိဆုံးဖြစ်အောင် အသုံးချနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။ ယင်းနောက် မြန်မာနိုင်ငံတွင် အာဟာရ မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လိုအပ်သည့်နည်းပညာ ပံ့ပိုးကူညီပေးနိုင်ရေး အတွက်လည်း တာဝန်ရှိသူများနှင့် ဆွေးနွေးသည်။
ဧပြီ(၂၁)ရက်တွင် ကမ္ဘာ့ဘဏ်မှ ဦးဆောင်ကျင်းပသော လူတိုင်းလက်လှမ်းမီနိုင်သည့် သာတူညီမျှ ကျန်းမာရေး စောင့်ရှောက်မှုစနစ် (Universal Health Coverage) ရရှိနိုင်ရေးအတွက် ရန်ပုံငွေခွဲဝေချထားခြင်းဆိုင်ရာ ဖိုရမ် (Second Annual UHC Financing Forum, Greater Efficiency for Better Health and Financial Protection) သို့ တက်ရောက်သည်။ ထို့နောက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဝင်ရောက် အရွေးခံမည့် ဗြိတိန်နိုင်ငံမှ ကိုယ်စားလှယ်ဖြစ်သူ David Nabarro တွေ့ဆုံ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လုပ်ငန်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးသည်။
ဧပြီ(၂၄)ရက်တွင်  ကမ္ဘာ့ဘဏ်မှ ဦးဆောင်ကျင်းပသည့် Global Financing Facility Investors Group Meeting သို့ တက်ရောက်ကာ ကျန်းမာရေး ဆိုင်ရာရန်ပုံငွေများ အကျိုးရှိထိရောက်မှုအရှိဆုံးဖြစ်အောင် သုံးစွဲနိုင်ရေး ကိစ္စရပ်များ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် အကျိုးရှိနိုင်ဆုံးဖြစ်အောင် ဆောင်ရွက် နိုင်မည့် နည်းလမ်းများအား ချမှတ်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲကြောင်းသတင်းရရှိသည်။  
(သတင်းစဉ်)

No comments:

Post a Comment