ပူတာအို
မတ် ၇
ကချင်ပြည်နယ်
ပူတာအိုခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် Fauna & Flora
International-Myanmar Programme တို့ ပူးပေါင်းမှုဖြင့် ဝေးလံခက်ခဲသော ကျေးရွာများတွင်
ကူးစက်ရောဂါများမှကင်းဝေးစေရန်နှင့် လူမှုစီးပွားတိုးတက် ဖွံ့ဖြိုးလာစေရန် အတွက်
အခြေခံမွေးမြူရေး လုပ်သားသင်တန်းဖွင့်ပွဲအခမ်းအနားကို မတ် (၇) ရက် နံနက် (၉)
နာရီခွဲက ပူတာအိုမြို့နယ် မန်စေအုပ်စု အောက်ဆန်ဂေါင်ကျေးရွာ အခြေခံပညာ
အထက်တန်းကျောင်း ဖုန်ကန်ဆောင်၌ကျင်းပသည်။
အခမ်းအနားတွင် FFI မြန်မာနိုင်ငံအစီအစဉ်မှ
ဆရာဦးဇော်လွန်းက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန
ခရိုင်ဦးစီးမှူး ဒေါက်တာသန်းမြင့်က
သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ
ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောသီဟက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဆောင်ရွက်နေမှုများနှင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း
အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ ရှင်းလင်းပြောကြားသည်။
သင်တန်းတွင် ကာကွယ်ဆေးထိုးနှံရာတွင်
သတိပြုရမည့်အချက်များ၊ ကြက်ဌက်တုပ်ကွေးရောဂါ၊ ကျွဲ နွားကူးစက်ရောဂါများ၊
ကြက်မွေးမြူရေးနှင့်ကူးစက်ရောဂါ၊ ၀က်မွေးမြူရေးနှင့်ဝမ်းကျရောဂါ၊ ခိုင်းနွားမွေးမြူရေး၊
ကောက်ရိုးပြုပြင်ကျွေးမွေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ၊
ခါကာဘိုရာဇီဒေသ ကမ္ဘာ့အမွေအနှစ်
နယ်မြေအကြောင်းသိကောင်းစရာများ၊ ဆိတ်မွေးမြူရေး၊ နွားစာချဉ်ဖတ်ပြုလုပ်ခြင်း၊ သန်မန်ကူးစက်ရောဂါများကုသခြင်း၊
ငါးသံယံဇာတထိန်းသိမ်းရေးနှင့် တောင်ပေါ်ဒေသ ငါးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး၊
အသားစားဥစားကြက်မွေးမြူရေး၊ သစ်ခေါင်းပျားမွေးမြူခြင်းနှင့် ၀တ်မှုန်ကူးခြင်း၊ ပီလောပီနှံပြုပြင်
ကျွေးမွေးခြင်းနှင့် စာကျက်ပင်များသင်ခန်းစာများနှင့် ညနေပိုင်းတွင် လက်တွေ့ကာကွယ်ဆေးထိုးခြင်း
လုပ်ငန်းတို့ကို နည်းပြရှစ်ဦး ကပို့ချသွားမည်ဖြစ်သည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ်
မန်စေအုပ်စုအတွင်းရှိ ဝေးလံခက်ခဲသောကျေးရွာများမှသင် တန်းသားသင်တန်းသူ (၂၀) ဦး
တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် (၇) ရက်မှ (၁၁) ရက်အထိ ငါးရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း
ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနထံမှ သိရသည်။
ခရိုင်ပြန်/ဆက်
No comments:
Post a Comment