Saturday, March 25, 2017

ဖွံ့ဖြိုးတိုးတက်မှုများစွာဖြင့် မွန်ပြည်နယ်၏ တစ်နှစ်တာ


သတင်းဆောင်းပါး - ခင်ရတနာ
သာယာလှပသည့် အမြဲစိမ်းသစ်တောများရှိရာ၊ အေးချမ်းလှသည့် သဘာဝ စိမ့်စမ်းလျှိုမြောင်နှင့် ထုံးကျောက် လိုဏ်ဂူများရှိရာ၊ သာယာလှပသည့် မြစ်ကမ်းပါးယံ တို့နှင့် အံ့မခန်းကြည်ညိုဖွယ်အတိ ကျိုက်ထီးရိုး ဆံတော် ရှင်မြတ်ရှိရာ မွန်တို့ဌာနေ၏ သာယာလှပမှု၊ ကျက်သရေခမ်းနားမှုတို့ကို အစဉ်အဆက် သမိုင်းဆရာတို့က ညွှန်းဆိုကြသည်။

ရေကြောင်း၊ ကုန်းကြောင်းစသည့် သွားလာမှုကောင်းမွန် ခြင်းတို့ကြောင့်လည်းကောင်း၊ စိုက်ပျိုးသမျှဖြစ်ထွန်းသည့် ရာသီဥတုနှင့် မြေကောင်းမွန်ခြင်းတို့ကြောင့်လည်းကောင်း၊ သာယာ လှပမှုအပေါင်း ခညောင်းခြင်းတို့ကြောင့် လည်းကောင်း မွန်ပြည်နယ်သည် သာယာဝပြောသည့် ပြည်နယ်တစ်ခုဖြစ်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်တာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ များကလည်းအားဖြည့်ကာ နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် အေးချမ်းတည်ငြိမ် ရေးအတွက် တာဝန်ထမ်းဆောင်လျက်ရှိရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက်မှ မွန်ပြည်နယ်၏ ဖွံ့ ဖြိုးတိုးတက်မှုဆောင်ရွက်ချက်များလည်း ပါဝင်လျက်ရှိသည်။
စက်မှုလယ်ယာ စနစ်ကျလယ်မြေ
စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ်သန်း ၁၀၀ ဖြင့် မွန်ပြည်နယ်အတွင်း ဘီးလင်းမြို့နယ်၊ သထုံမြို့နယ်နှင့်ချောင်းဆုံ မြို့နယ်တို့တွင် စက်မှုလယ်ယာစနစ် ကျလယ်မြေ ၆၂၅ ဧကကို ဒေသခံတောင်သူများအတွက် ဖော်ထုတ်ပေးခဲ့သည်။
စိုက်ပျိုးရေးကဏ္ဍတွင် ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေကြီးနစ်မြုပ်မှု များကို ကာကွယ်ရန် ရေနုတ်မြောင်းများ၊ ချောင်းမြောင်းများ တူးဖော်ခြင်းကို လုပ်ငန်းပေါင်း ၄၃ ခုခန့် လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း မြင်တွေ့ရပြီး ရေငန်ဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ရေငန်တား တာတမံ များကို ပြုပြင်၊ ထိန်းသိမ်း၊ တည်ဆောက်ပေးခဲ့ခြင်း လုပ်ငန်းများမှာ ၁၄ ခုအထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း တစ်နှစ် တာမှတ်တမ်းများအရ သိရှိရသည်။
ရေတံခါးကိုးခုအား ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ပြီး ရေလှောင်တမံနှင့် ဆည် ရေသောက်စနစ်များ လုပ်ငန်းကိုလည်း ၂၈ ခုအထိ ပြုလုပ်နိုင်ခဲ့သည်။ အရေးကြီးသည့် နွေစပါးစိုက်ပျိုးရေး အောင်မြင်မှုရရှိစေရန်အတွက်လည်း ချောင်းပိတ်မြောင်းပိတ်လုပ်ငန်းရှစ်ခုကို လုပ်ဆောင်ခဲ့သည်။ မွန်ပြည်နယ် အတွင်း အစိုးရ၏ တစ်နှစ်တာဆောင်ရွက်ချက်များအနက် ပညာရေးကဏ္ဍ အဆင့် မြှင့်တင်မှုကိုလည်း ဦးစားပေး ဆောင်ရွက်ခဲ့ပြီး ကျောင်းနေအရွယ်တိုင်း ပညာ သင်ကြား နိုင်ရေးစီမံချက်ဖြင့် အခြေခံပညာကျောင်းဆောင် ၇၇ ဆောင်၊ မူကြိုကျောင်း ဆောင် ၃၀ နှင့် မွန်ပြည်နယ် ပညာရေးမှူးရုံးတစ်ရုံးတို့ကို တည်ဆောက် နိုင်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။
ကျပ်သိန်း ၅၀ အောက်နှင့် ငွေကျပ်သိန်း ၁၀၀ အောက်၊ ကျပ်သိန်း ၁၀၀ နှင့် အထက်စသည့် ကုန်ကျမှုများဖြင့် အထက်တန်းကျောင်း ဆောင်များ ပြင်ဆင်ခြင်း၊ ခြံစည်းရိုးနှင့် မြေထိန်းနံရံများ တည်ဆောက်ပေးခြင်း၊ အခြေခံပညာကျောင်းများ၏ ရေ၊ မီးစနစ်နှင့်သန့်စင်ခန်းများ၊ လမ်းမများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စာသင်ကျောင်းနှင့် ပညာရေးမှူးရုံး စုစုပေါင်း ၆၆၇ ခုတို့တွင် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
အခွင့်အလမ်းပိုမိုရရှိ
မူလတန်းအဆင့် ပြည်နယ်အတွင်းရှိ ကလေးငယ်များအတွက် စာရေးခုံနိမ့်အစုံ ၂၃၈၁ စုံနှင့် အလယ်တန်းနှင့် အထက်တန်းအဆင့် စာရေးခုံမြင့်အစုံ ၁၂၄၅ စုံကို ဖြည့်တင်းပေးထားကြောင်း သိရသည်။
Funding Decentralization အစီအစဉ်အရ ကျောင်းထောက်ပံ့ကြေးများ ပေးဝေခဲ့ခြင်း၊ နိုင်ငံတော်အစိုးရ နှင့် World Bank တို့ပူးပေါင်း၍ ကျောင်းနေမြဲရေးနှင့်ပညာသင်ယူမှုအခွင့်အလမ်းပိုမိုရရှိစေရေးတို့အတွက် ပညာ သင်ထောက်ပံ့ကြေးများ ပေးအပ်ခြင်းနှင့် အခြေခံပညာကျောင်းများတွင် ပညာပိုမိုသင်ယူခွင့်ရရှိစေရန်အတွက် ကျောင်း အဆင့်တိုးမြှင့်သတ်မှတ်ခြင်းများ လုပ်ဆောင်ပေးနိုင်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရှိရသည်။
ပညာရေးဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများကို တိုးမြှင့် ခန့်အပ်နိုင်ခဲ့ပြီး ဘီးလင်းမြို့နယ်၊ ကျိုက်မရောမြို့နယ်နှင့် ရေး မြို့နယ်တို့တွင်လည်း တစ်ထပ်ဝန်ထမ်း အိမ်ရာတစ်ခုစီနှင့် ရေးမြို့နယ်အတွင်း တစ်ထပ်စာကြည့်တိုက် တို့ကိုလည်း ပညာရေးဝန်ထမ်းများအတွက် တည်ဆောက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အစိုးရသစ်တက်လာပြီး တစ်နှစ်တာအတွင်း မွန်ပြည်နယ်၏ ဒေသဖွံ့ ဖြိုးတိုးတက်မှုနှင့် ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုပေးအပ်နိုင်စေရန်အတွက် မော်လမြိုင်မြို့တွင် အမျိုးသမီးနှင့် ကလေးဆေး ရုံကြီးကို အသစ်တိုးချဲ့ကာ အထပ်မြင့် ငါးထပ်ပါလူနာဆောင်တစ်လုံး တည်ဆောက်မှုကို စတင်ဆောင်ရွက် နေပြီဖြစ်သည်။
နှစ်ထပ်ဆေး ကုသဆောင်
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ရေးမြို့နယ်ဆေးရုံတွင် နှစ်ထပ်ဆေးကုသဆောင်သုံးဆောင်ကို တည်ဆောက် ပေးခဲ့သည်။ သံဖြူဇရပ် မြို့နယ်ဆေးရုံ၌လည်း ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်ရည်ရွယ်ကာ ခြောက်ခန်းတွဲ လေးထပ်ရှိ ဝန်ထမ်းအိမ်ရာတစ်လုံးကို တည်ဆောက်ပေးခဲ့ပြီး ကျိုက်ထို မြို့နယ်ဆေးရုံတွင် ခြောက်ခန်းတွဲ လေးထပ်အမြင့်ရှိ ဝန်ထမ်းအိမ်ရာတစ်လုံးနှင့် နှစ်ထပ်လူနာဆောင်တို့ကို တည်ဆောက်ပြီးစီးခဲ့ပြီ ဖြစ်သည်။
ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေနိုင်ရန် ရည်ရွယ်ကာ ကင်ပွန်းချောင်း တိုက်နယ်ဆေးရုံတစ်ရုံကိုလည်း တည်ဆောက်ပြီးစီးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရှိရသည်။
ကျိုက်ထီးရိုးဘုရားပွဲ
ကျိုက်ထီးရိုးတောင်တက်ယာဉ်များနှင့် ပတ်သက်၍ ဘုရားဖူးများ ဘေးအ္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးကို ရည်ရွယ်ကာ မွန်ပြည်နယ် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ခေါင်းဆောင်သည့် အဖွဲ့ဝင်များ သည် ယာဉ်ကြံ့ခိုင်မှုစစ်ဆေးခြင်းလုပ်ငန်းများကို ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။
တောင်တက်ကားများတွင် အမိုးတပ်ဆင်ပေးခြင်း၊ ကင်ပွန်းစခန်းမှ ကျိုက်ထီးရိုးဘုရားရင်ပြင်တော်အထိ ပို့ဆောင် ပေးရာ၌ ယာဉ်၏နောက်ခန်းတွင် ခရီးသည်တစ်ဦးအတွက် ယခင်က ငွေကျပ် ၂၅၀၀ နှုန်းကောက်ခံနေရာမှ ယခုအစိုးရ သစ်လက်ထက်တွင် လူတစ်ဦး ငွေကျပ် ၂၀၀၀ နှုန်းဖြင့် လည်းကောင်း၊ ခါးပတ်ကြိုးများ တပ်ဆင်ထားခြင်း၊ လုံခြုံမှု အတွက် CCTV ကင်မရာများ တပ်ဆင်ပေးထားခြင်းတို့ကို ဘုရားဖူးခရီးသည်တို့ကို ဆောင်ရွက်ပေးထားကြောင်း သိရသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်တွင် ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဩဝါဒကို စနစ်တကျခံယူကာ အလှူခံ ခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းကြောင့် အလှူတော်ငွေများတိုးတက်ရရှိခဲ့သည်။ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးခရီးသွားများ အဆင်ပြေချောမွေ့ စွာ တည်းခိုနားနေ နိုင်ရန်အတွက် စေတီတော်ရင်ပြင်တော်ရှိ တိဿဓမ္မာရုံ ပထမထပ်နှင့် ဆီမီး ၉၀၀၀ ဓမ္မာရုံ၊ ပြည့်စုံဓမ္မာရုံ၊ သုံးထပ်ဓမ္မာ ရုံ၏ ပထမထပ်တို့တွင် အခမဲ့တည်းခိုနိုင်ရန် စီစဉ်ဆောင်ရွက် ထားသည့်အပြင် ဘုရားဖူးရာသီစည်ကားချိန်များတွင် အခ ပေးတည်းခိုဆောင်များကိုလည်း ဈေးနှုန်းများ ကန့်သတ်ပေး နိုင်ခဲ့ကြောင်း သိရသည်။
ဟုန်းနန်းဘိုးဘိုးကြီးနတ်နန်း
သဘာဝအလှအပများကို ခံစားရင်း စေတီတော်များကို ကြည်ညိုသဒ္ဓါ ပိုမိုပွားများနိုင်ရန်အတွက် ရသေ့တောင်စခန်းမှ ဟုန်းနန်းဘိုးဘိုးကြီးနတ်နန်းအထိ ကေဘယ်လမ်းကြောင်း ပြေးဆွဲနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
မွန်ပြည်နယ် ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံးမှဦးစီးကာ လမ်း၊ တံတားလုပ်ငန်း၊ ရေရရှိရေးလုပ်ငန်းများ၊ မူလတန်းကျောင်း ဆောင် ဆောက်လုပ်ခြင်း၊ ရုပ်သံစက်ပစ္စည်းတပ်ဆင်ခြင်း၊ ခရိုင်ရုံးဆောက်လုပ်ခြင်းနှင့် ဆိုလာပါဝါတပ်ဆင်ခြင်း များကို အစိုးရသစ် တစ်နှစ်တာကာလအတွင်း လုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ရသည်။
ကျေးလက်လမ်းပေါင်း ၄၅ လမ်း၊ ကျေးလက်တံတား ၅၉ စင်းနှင့် ကျေးလက်ရေပေးဝေရေး ၁၁၀ တို့ကို ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒေသခံများအတွက် တစ်နှစ်တာအတွင်း လုပ်ဆောင်ပေးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရှိရသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်ဖွံ့ ဖြိုးရေး စီမံကိန်းအရ ကျိုက်မရောမြို့နယ်၌ ကျေးရွာခုနစ်ရွာနှင့် ကျိုက်ထိုမြို့နယ်၌ ကျေးရွာလေးရွာတို့တွင် ဒေသဖွံ့ ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး မွန်ပြည်နယ်တစ်ခုလုံးတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းကို မတည်ရန်ပုံငွေကျပ်သန်း ၁၀၅၀ ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။
ပြည်ထောင်စုလွှတ်တော်ဖွံ့ ဖြိုးရေး ရန်ပုံငွေမှ ရရှိသည့် တစ်မြို့နယ်လျှင် ငွေကျပ်သိန်း ၁၀၀၀ နှုန်းကို မြို့နယ် ၁၀ မြို့နယ်စလုံးအတွက် လမ်းလုပ်ငန်း ၈၈ ခု၊ တံတား ၅၆ ခု၊ ပညာရေးလုပ်ငန်းအတွက် ၄၃ ခု၊ ကျန်းမာရေးလုပ်ငန်းအတွက် နှစ်ခု၊ ရေရရှိရေးလုပ်ငန်းအတွက် ၈၆ ခု၊ မီးရရှိရေးလုပ်ငန်း ငါးခုနှင့် အခြားလုပ်ငန်းခြောက်ခုတို့ကို လုပ်ဆောင်နိုင်ခဲ့ ကြောင်း သိရသည်။
များစွာအထောက်အကူဖြစ်
မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်ရပ်ကွက်နှင့် ချောင်းဆုံ မြို့နယ် ကညှော်ကျေးရွာတို့ကို ဆက်သွယ်မည့် သံလွင်မြစ်ကူး တံတားစီမံကိန်းမှာ ယခုအခါ ၈၇ ရာခိုင်နှုန်းခန့် ပြီးစီးခဲ့ပြီ ဖြစ်၍ မကြာမီအလုံးစုံပြီးစီးသွားပါက ဒေသခံများအတွက် ဆက်သွယ်သွားလာမှုကို များစွာ အထောက်အကူဖြစ်လာနိုင်သည်။ ထိုတံတား၏ ထူးခြားချက်မှာ မြန်မာနိုင်ငံတွင် ပထမဆုံး အသုံးပြုသည့် Steel Box Girder သံပေါင်ခန်းဖွင့်များကို လွန်းထိုးတပ်ဆင်ခြင်း နည်းပညာဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
လမ်းဦးစီးဌာနမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပြည်နယ် ၏ ဘဏ္ဍာရန်ပုံငွေဖြင့် ပေ ၁၈၀ နှင့် အထက်တံတားတစ်စင်းနှင့် ပေ ၁၈၀ အောက်တံတား ၇၅ စင်း တည်ဆောက်ထားနိုင်ခဲ့ ကြောင်းသိရပြီး ကတ္တရာလမ်းခင်းခြင်း၊ လမ်းအဆင့်မြှင့်တင် ခြင်းများ ပြုလုပ်ပေးခဲ့ရာ မော်လမြိုင်မြို့မှ ထိုင်းနိုင်ငံ မဲဆောက် မြို့အထိ နေ့ချင်းပြန် ကုန်းလမ်းခရီးဖြင့် လွယ်ကူစွာသွားလာ နိုင်ခဲ့ပြီ ဖြစ်သည်။
ကြိုးတန်းတံတားဂိတ်
အစိုးရ၏ တစ်နှစ်တာကာလအတွင်း မွန်ပြည်နယ်အတွင်းရှိ လေလံတန်ဖိုးငွေကျပ်သိန်း ၃၀၀ အောက် လေလံလမ်း လေးလမ်းဖြစ်သည့် ရန်ကုန်-မြိတ်လမ်းပေါ်မှ ရေးချောင်း တံတားဂိတ်၊ ကလောပိတံတားဂိတ်၊ ကွမ်ကျိုက်တံတားဂိတ်နှင့် ကြိုးတန်းတံတားဂိတ်တို့တွင် တံတားအသုံးပြုခများ ကောက်ခံခြင်းမပြုဘဲ ဂိတ်များ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ရှိ ပြည်သူလူထုအတွက် တစ်နှစ်တာအတွင်း အစိုးရသစ်မှ လုပ်ငန်းများစွာကို ဖော်ဆောင်ပေးခဲ့ပြီး ကျန်းမာ ရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍပေါင်းများစွာတွင် အထောက် အပံ့ဖြစ်စေခဲ့ပါကြောင်း။

No comments:

Post a Comment