Friday, March 31, 2017

ဒေသထွက် ရာသီပေါ် ခရမ်းချဉ်သီးများ ထွက်နှုန်းကောင်းသောလည်း ဈေးကောင်းမရ


ပွင့်ဖြူ       မတ်      ၃၁
ပွင့်ဖြူမြို့နယ်၊ မုန်းချောင်းကမ်းပါးဝန်ကျင်အနီးရှိကျေးရွာအများစုသည် ဒေသထွက် ရာသီပေါ်သီးနှံများကို ကိုင်းမြေနုများတွင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ စင်တင် ခရမ်းချဉ်ပင်များကို အများစုစိုက်ပျိုးလုပ်ကိုင်လျက်ရှိကြသည်။ စင်တင် ခရမ်းချဉ်ခင်း တစ်ဧကကို (၃)ရက် တစ်ကြိမ် ဆွတ်ခူးကြပြီး၊ တစ်ကြိမ်ဆွတ်ခူးလျင် (၃၀)ပိဿာမှ (၅၀)ပိဿာကျော်ထိ ထွက်ရှိသည်။ခရမ်းချဉ်ပင် ပျိုးထောင်စရိတ်၊
စိုက်ပျိုးစရိတ်၊စိုက်ပျိုးရေသွင်းခြင်းနှင့် ပြုစုပျိုးထောင်စရိတ်များအပြင် စင်တင်နိုင်ရန် တိုင်ထောင်/တန်းပေး စင်တင်ပေးရသည့် လုပ်အားခစရိတ်များကြောင့် ထွက်နှုန်းကောင်းသော်လည်း ဈေးကောင်းမရသဖြင့် ခရမ်းချဉ်စိုက်တောင်သူများ အခက်တွေ့လျက်ရှိသည်။ဒေသထွက် ခရမ်းချဉ်သီးများ မထွက်ပေါ်မီ တစ်ပိဿာကို (၁၈၀၀)ကျပ်မှ (၂၀၀၀)ကျပ်ထိ ၀ယ်ယူစားသုံးခဲ့ရပြီး၊ ဒေသထွက် ရာသီပေါ် ခရမ်းချဉ်သီးများ လှိုင်လှိုင်ထွက်ပေါ်ချိန်တွင် တစ်ပိဿာကို (၈၀)ကျပ်မှ (၁၅၀) ကျပ်သာ ရောင်းချနေရသဖြင့် စင်တင်ခရမ်းချဉ်စိုက်တောင်သူများ စိုက်ပျိုးစရိတ် ဆုံးရှုံးလျက်ရှိသည်။ အချို့ ခရမ်းချဉ်စိုက်တောင်သူများသည် ဆွတ်ခူးခ အလုပ်သမားစရိတ်မျှပင် ပြန်လည်မရရှိကြောင်း သိရှိရသည်။

သူရထွန်း(ပွင့်ဖြူ)

No comments:

Post a Comment