Thursday, March 2, 2017

လိုင်စင်မရှိသည့် မော်တော်ယာဉ်များကို လိုင်စင် ရရှိအောင် လျှော့ပေါ့ စဉ်းစား ဆောင်ရွက်ပေးနိုင်ခြင်းမရှိ



နေပြည်တော် မတ် ၁
လိုင်စင်မရှိသည့် မော်တော်ယာဉ်များကို ယာဉ်ကာလ တန်ဖိုး၏ ၈၅ ရာခိုင်နှုန်း ပေးဆောင်စေပြီး တရားဝင်ယာဉ်အဖြစ် မှတ်ပုံ တင်ပေးခဲ့ပြီးဖြစ် ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးခဲ့ခြင်းမှာ ထိုအချိန်က မော်တော်ယာဉ် တင်သွင်းခြင်းများကို ကန့်သတ်ထားခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားသည်။

ယနေ့နံနက် ၁ဝ နာရီတွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း ၏မူနှင့် အခြေခံ သဘော ဆွေးနွေးခြင်းနှင့် စပ်လျဉ်း၍ ဒုတိယ အကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒသမနေ့တွင် လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ ဆွေးနွေးအဆိုပြု ချက်အပေါ် ဒုတိယ ဝန်ကြီးက ထိုသို့ပြန်လည်ရှင်းလင်း ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံခြင်း ယာဉ်တင်သွင်း ခွင့်ပြုသည့် အစီအစဉ်နှင့် လူပုဂ္ဂိုလ်တစ်ဦးချင်း အလိုက် ယာဉ်တင် သွင်းခွင့်ပြု သည့်အစီအစဉ်ကို ဖြေလျှော့ခဲ့ပြီးဖြစ်သဖြင့် လက်ရှိ အခြေအနေတွင် တရားမဝင် လိုင်စင်မဲ့ယာဉ်များကို တရားဝင် လိုင်စင် ရရှိအောင် ဆောင် ရွက်ပေး မည်ဆိုပါက တရားဝင် တင်သွင်းလာသော ယာဉ်ပိုင်ရှင်များမှာ နစ်နာမှုရှိသဖြင့် မကျေနပ်ခြင်းများကြောင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ် လာနိုင်ပါကြောင်း၊ တရားမဝင် တင်သွင်းမှုကို အားပေးရာ ရောက်စေမည်ဖြစ်ခြင်း စသည်တို့ကြောင့် လိုင်စင်မရှိသည့် မော်တော်ယာဉ်များကို လိုင်စင်များ ရရှိ အောင် လျှော့ပေါ့စဉ်းစားပြီး ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါကြောင်း။
တရားမဝင် လိုင်စင်မဲ့ယာဉ်များကို ပူးပေါင်းအဖွဲ့ ဖွဲ့စည်းပြီး တားမြစ်ပိတ် ဆို့ဖမ်းဆီးခြင်းတို့ကို စနစ်တကျ ဆောင်ရွက် သွားရမည်ဖြစ် ပါကြောင်း၊ မော်တော် ယာဉ် ယာဉ်အို၊ ယာဉ်ဟောင်းအပ်နှံခြင်း အစီအစဉ်များနှင့် နိုင်ငံရပ်ခြားမှ မော်တော်ယာဉ်များ တင်သွင်းခြင်းကိစ္စများကို မူဝါဒ၊ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များ ထည့်သွင်းသင့် ပါကြောင်း၊ မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ လုပ်ငန်းကြီးကြပ်ရေးကော် မတီမှ မူဝါဒများ ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည် ရှင်းလင်းဆွေးနွေး သည်။
ထို့ပြင် ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄)မှ ဦးကျော်ကျော် တို့၏ ဆွေးနွေးအဆိုပြု ချက်များနှင့် စပ်လျဉ်း၍ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့သင်္ဘောကျင်း လုပ်ငန်းနှင့် ဗီယက်နမ်နိုင်ငံ Dong A Shipbuilding Industry JSC တို့ ပူးပေါင်း၍ ကော်မရှင် ခွင့်ပြုမိန့်ဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ဒလသင်္ဘောကျင်းကို အဆင့်မြှင့်တင်နိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် White List တွင် မြန်မာနိုင်ငံ ပါဝင်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် SRPS လိုင်စင် ထုတ်ပေးနိုင်ရေးအတွက် လိုအပ်သော အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ ဆောင်ရွက်ပေး လျက်ရှိရာ လိုင်စင်ရကုမ္ပဏီ ၁၅၈ခုမှ တစ်ဆင့် မြန်မာ့သင်္ဘောသားများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရေး အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံ ၂၇ နိုင်ငံနှင့် စာချုပ်ချုပ် ဆိုထားပြီး သင်္ဘောသားများ၏ အလုပ်အကိုင်အခွင့်အလမ်း တိုးတက် ရန်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ မြန်မာသင်္ဘောသားများ အရည် အသွေးမြင့်မား စေရေးအတွက် ရေကြောင်းဘက်ဆိုင်ရာ သင်တန်းကျောင်းများ ကိုလည်း ဖွင့်လှစ် ဆောင်ရွက်စေလျက်ရှိကြောင်း ရှင်းလင်းသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက မြောက်ဦးလေယာဉ်ကွင်း တည်ဆောက်ရေး စီမံကိန်းဆောင်ရွက်ရန် ရခိုင် ပြည်နယ်အစိုးရက တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ရာ နည်းပညာပိုင်းဆိုင်ရာများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ ပါကြောင်း၊ မြောက်ဦးလေယာဉ် ကွင်းစီမံကိန်းများ ဆက်လက် ဆောင်ရွက်မည်ဆိုပါက လိုအပ်သည့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူ ဆောင်ရွက်ရမည်ဆိုပါက ရန်ပုံငွေရရှိမှသာ ဆောင်ရွက် ပေးနိုင်မည် ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းသည်။
ထို့ပြင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏မူနှင့် အခြေခံသဘောဆွေးနွေးခြင်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးတင်ထွဋ် တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း နောက်ဆက်တွဲ - ၂ ပါ စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး အဋ္ဌမနေ့တွင် ဖြန့်ဝေခဲ့သည့် ပြင်ဆင်ချက်ဇယား၌ ဌာန/အဖွဲ့အစည်းများ၏ လျှော့ချမည့် စီမံကိန်းလုပ်ငန်းများကို အသေးစိတ်ဖော်ပြထားပြီး ဖြစ်သည့်အတွက် တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်း တစ်ခုချင်းစီ၏ စီမံကိန်းလုပ်ငန်း ကဏ္ဍများအလိုက် စုစည်း၍ စီမံကိန်းတန်ဖိုးများ လျှော့ချခြင်းနှင့် ငြင်းပယ်ခြင်းတို့ကို တစ်ပေါင်းတည်း အဆုံးအဖြတ်ရယူ သွားမည်ဖြစ်ကြောင်း။
၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အဆုံးအဖြတ် ရယူခြင်း၊ ဥပဒေကြမ်းတစ်ရပ်လုံး အတည်ပြုခြင်း အစီအစဉ်ကို လာမည့်အပတ်အတွင်း ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်ရန် လျာထားကြောင်း အသိပေးကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယကက လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲသည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး နဝမနေ့တွင် ဖတ်ကြားတင်ပြ ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ ဥပဒေကြမ်း အပေါ် ပြင်ဆင်ချက်အဆို တင်သွင်းဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ် အမည်စာရင်းပေးပို့ထားခြင်း မရှိသည့်အတွက် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်ကို အခြေခံ၍ လွှတ်တော်၏အဆုံးအဖြတ်ကို ရယူသွားမည် ဖြစ်ကြောင်း၊ လွှတ်တော်နှစ်ရပ်၏အတည် ပြုချက်နှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်တို့ပါဝင်သည့် ပြင်ဆင်ချက်ဇယားကို ကိုယ်စားလှယ်များထံ ဖြန့်ဝေထားပါကြောင်း၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ဥပဒေကြမ်းအပိုဒ် (၅)၊ အပိုဒ်ခွဲ (က)၊ အပိုဒ်(၇)၊ အပိုဒ်(၈)ခြေဆင်းနှင့် အပိုဒ်ခွဲ (ဂ)တို့မှစ၍ ပြင်ဆင်ချက်ဇယား အမှတ်စဉ်အလိုက်အဆိုပြု တင်ပြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၃) မှ ဒေါက်တာမြတ်ဥာဏစိုး က လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲ သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ပြည်ထောင်စု လွှတ်တော်နာယက က ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စု လွှတ်တော်နာယက က နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က အတည်ပြု ခဲ့သည့် အပိုဒ်၊ အပိုဒ်ခွဲများနှင့် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အပိုဒ်၊ အပိုဒ်ခွဲများကို ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက်များအတိုင်း အပါအဝင် ပြန်လည်ပြင်ဆင်ပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို မတ် ၆ ရက်တွင် ဆက်လက်ကျင်းပ မည်ဖြစ်ကြောင်း ကြေညာသည်။
မင်းမင်းဇော် (သတင်းစဉ်)

No comments:

Post a Comment