Thursday, February 23, 2017

တောင်သာမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)စနစ် ကျင့်သုံးရေး တောင်သူပညာပေး

တောင်သာ ဖေဖော်ဝါရီ ၂၂
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံအရည်အသွေး ကောင်းမွန်ရေးနှင့် တောင်သူများ ဝင်ငွေတိုးတက်ရေးအား ရည်ရွယ်၍ မျိုးကောင်းမျိုးသန့် မျိုးစေ့များ အသုံးပြုပြီး စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)စနစ်အား တောင်သူများ လိုက်နာကျင့်သုံးလာစေရေးအတွက် တောင်သူပညာပေး ဟောပြောပွဲများကို မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ဆောင်ရွက်လျက်ရှိသည်။


တောင်သာမြို့နယ်အတွင်း တောင်သူပညာပေး ဆွေးနွေးပွဲများကို မြို့နယ်၏ အချက်အချာကျသော ကျေးရွာကြီး(၁၀)ရွာတွင် ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ(၁၁)ရက်နေ့မှ ဖေဖော်ဝါရီ(၂၂) ရက်နေ့ထိ အိုင်သာကျေးရွာ၊ ခါးတက်ကုန်းကျေးရွာ၊ မင်းကြိုကျေးရွာ၊ အရှေ့ကန်တော်ကျေးရွာ၊ အိုးဘိုကျေးရွာ၊ တစ်မိုက်သာကျေးရွာနှင့် သာယာကြီးကျေးရွာများသို့  သွားရောက်၍ တောင်သူပညာပေးဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။
အဆိုပါ တောင်သူပညာပေးဆွေးနွေးပွဲများကို မြင်းခြံခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်မျိုးစေ့တာဝန်ခံ ခရိုင်မြေ အသုံးချရေး တာဝန်ခံ၊ ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ၊ တောင်သာမြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက ဒေသခံတောင်သူများအား နွေစပါးစိုက်ပျိုးနည်းစနစ်များ၊ မျိုးကောင်းမျိုးသန့် ပွားများထုတ်လုပ်ခြင်း၊ မြေဆီလွှာတိုးတက်ကောင်းမွန်ရေးနှင့် မြေဆီလွှာပြသနာများ၊ ပိုးမွှားရောဂါကာကွယ်နည်းများ၊ GAP စနစ်များ လိုက်နာ ကျင့်သုံးလာစေရေး၊ ရာသီဥတုနှင့်ကိုက်ညီသော သီးနှံပုံစံများ ပြောင်းလဲစိုက်ပျိုးရေး၊ သီးနှံများ အရည်အသွေးပြည့်မီရေးနှင့် ဘေးကင်းရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာများ ဆွေးနွေးခြင်း၊ နည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ခြင်း၊ ဒေသခံ တောင်သူများ၏ မေးမြန်းဆွေးနွေးမှုများအား တာဝန်ရှိသူများက ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 ကျော်မျိုးနိုင်(တောင်သာ-ပြန်/ဆက်)

No comments:

Post a Comment