Saturday, February 25, 2017

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကလေးများကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ ပန်းချီဆွဲနှင့် စာပေ ဟောပြောပွဲကျင်းပ

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၅
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံများကို Community Center အဖြစ်အသုံး ပြုနိုင်စေရေးနှင့် ကလေးများ စာဖတ်ရှိန်မြင့်မားစေရေးတို့ကို ရည်ရွယ်၍ကျင်းပပြုလုပ်သော ကလေးများ ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ခြယ်၊ ပန်းချီဆွဲနှင့် စာပေဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ရုံးတွင် ဖေဖော်ဝါရီလ (၂၄) ရက်နေ့နှင့် (၂၅) ရက်နေ့များက ကျင်းပပြု လုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲများကို ဖေဖော်ဝါရီ (၂၄) ရက်နေ့၊ နံနက် (၉း၃၀) နာရီက စတင်ကျင်းပရာ ရှေ့ဦးစွာ မြို့နယ် ပြန်/ဆက် ဦးစီးမှူး ဒေါ်ဇင်ငြိမ်းအိက ပြိုင်ပွဲများကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲကို စတင်ကျင်းပရာ ဒိုင်လူကြီးများကိုယ်စား ဦးဇော်တိုးက အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများကို ဖတ်ကြားရှင်းလင်းသည်။ ယင်းနောက် ကဗျာရွတ်နှင့် ပုံပြင်ပြောပြိုင်ပွဲများကို မွန်းလွဲ (၂) နာရီအထိ ကျင်းပခဲ့ကြောင်းသိရသည်။ ဖေဖော်ဝါရီ(၂၅) ရက်နေ့နံနက်ပိုင်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ပြီး၊ မွန်းလွဲ (၁း၃၀) နာရီတွင်စာပေဟောပြောနှင့် ဆုချီးမြှင့်ပွဲကို ကျင်းပရာ စာရေးဆရာ သတိုးဆွေ (မန်းမြေ) က “အနာဂတ်လှဖို့စာဖတ်ကြစို့” ဟူသော ခေါင်းစဉ်ဖြင့် စာပေဆိုင်ရာသိမှတ်ဖွယ်ရာ များကို ဟောပြောသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာ ရှေ့ဦးစွာဆရာတော် ဦးသူရိယ (ဖန်မီးအိမ်စာကြည့်တိုက်) က သြ၀ါဒမိန့်ကြားသည်။ ယင်းနောက်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ရန်က အဖွင့်အမှာစကားပြောကြာပြီး၊ ကဗျာရွတ် ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသူ များကိုမြို့နယ်တာဝန်ရှိသူများနှင့် ဒိုင်များက ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍တစ်နှစ်တာလုံး သက်ငယ်စာဖတ်အများဆုံးဆုနှင့်၊ တစ်နှစ်တာလုံးသက်ကြီး စာဖတ်အများဆုံး ဆုများကိုလည်းကောင်း၊ ကလေးစာဖတ်ခန်းအတွက် လှူဒါန်းခဲ့ကြသည့် အလှူရှင်များနှင့် လစဉ်စာအုပ်အလှူရှင် များကိုလည်းကောင်း ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုလက်မှတ်များကို မြို့နယ်ပြန်/ ဆက်ဦးစီးမှူးက ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲများသို့ ကျောက်ပန်းတောင်းမြို့ပေါ်ရှိ အထက၊ အလက၊ အမက(မူလွန်)များမှ ကျောင်းသားကျောင်း သူလေးများ၊ ရွှေနဒီဘုန်းတော်ကြီး သင်ပညာရေးကျောင်းမှ ကျောင်းသားကျောင်းသူလေးများ ပျော်ရွှင်စွာလာရောက် ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ ဆုပေးပွဲအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခွန်ကျော်ရန်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်ကလေးမိဘများနှင့် အုပ်ထိန်းသူများ၊ ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ စုံညီစွာတက်ရောက် ခဲ့ကြကြောင်း သိရသည်။

နေအောင်(iprd)

No comments:

Post a Comment