၂ဝ၁၇
ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင်ကျရောက်မည့်နှစ်(၇ဝ)ပြည့်ပြည်ထောင်စုနေ့ကို ကြိုဆို
ဂုဏ်ပြုသောအားဖြင့်ကျင်းပသည့် ဇေယျာတိုင်းအလှဓာတ်ပုံပြိုင်ပွဲဝင်ဓာတ်ပုံများစိစစ်ရွေးချယ်ခြင်းကို
ဖေဖော်ဝါရီလ (၁)ရက်နေ့နံနက်(၉)နာရီကစစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မော်ကွန်းတိုက်ရုံးတွင်
ကျင်းပခဲ့ကြောင်း သိရသည်။
''
ပထမဦးဆုံး သဘာဝအလှအပများ အမှတ်ပေးမဲ့ဒိုင်(၅)ယောက်ကို ပြိုင်ပွဲဝင်ဓာတ်ပုံအားလုံးကို
မျက်မြင် (DayLight)ခင်းပြတယ်၊ တစ်ဦးချင်းကကြိုက်တယ်ဆိုရင် တစ်မှတ်ပေးတယ်၊ မကြိုက်ရင်အမှတ်မပေးဘူးပေါ့၊
ဒိုင်(၅)ယောက်မှာ သုံးယောက်ကအမှတ်ပေးရင် ပြိုင်ပွဲဝင်ဓာတ်ပုံက နောက်တစ်ဆင့်ဆက်တက်မယ်၊
နောက်တစ်ဆင့်မှာ ဆက်ရွေးလို့(၂၃)သုံးမှတ်ထဲဝင်ရင် နောက်တစ်ဆင့်ကိုထပ်တက်မယ်၊ အဲဒိလိုအဆင့်ဆင့်ရွေးချယ်ရင်း
နောက်ဆုံးအဆင့်မှာ ပထမ၊ ဒုတိယ၊ တတိယဆုနဲ့ နှစ်သိမ့်ဆုတွေကိုအဆင့်ဆင့် စိစစ်ရွေးချယ်ပေးသွားတာပါ''ဟု
အထက်မြန်မာပြည်ဓာတ်ပုံ အသင်း(မန္တလေး)ဥက္ကဌ ဦးကိုကိုဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး
ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုစေရန်၊ သမိုင်းယဉ်ကျေးမှုအမွေ အနှစ်များ၊ သဘာဝအလှအပနေရာများနှင့်
တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကို ရိုက်ကူးမှတ်တမ်းတင်ပြီး မျှဝေခံစာနိုင်စေရန်အတွက်ကဏ္ဍသုံးရပ်ဖြင့်
ဖိတ်ခေါ်ကျင်းပခဲ့ရာ ယနေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ အထက်မြန်မာပြည်ဓာတ်ပုံအသင်း(မန္တလေး)ဥက္ကဌ
ဦးကိုကိုဦးနှင့်အဖွဲ့ဝင်များမှ စိစစ် ရွေးချယ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
''
အခုလိုတိုင်းဒေသကြီးအစိုးရအဖွဲ့က တိုင်းဒေသကြီးရဲ့ ပုံရိပ်တွေဖြစ်တဲ့ သဘာဝအလှအပတွေ၊
တိုင်းရင်းသားရိုးရာဓလေ့တွေ၊ သမိုင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ဖော်ထုတ်တဲ့ ပွဲဖြစ်တဲ့တွက်
ကောင်းပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ဘယ်လောက်ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုတာကို တစ်တိုင်းပြည်လုံး
သိမယ်၊ တစ်ခြား တိုင်းဒေသကြီးတွေမှာလည်း အခုလိုပြိုင်ပွဲတွေ လုပ်ဆောင်မယ်ဆိုရင် ကောင်းပါတယ်၊
အခုပြိုင်ပွဲက ဆုကြေးအနေနဲ့လည်းများတဲ့အတွက် မြန်မာတစ်နိုင်ငံလုံးက ဓာတ်ပုံပညာရှင်တွေအများကြီး
ဝင်ရောက်ယှဉ်ပြိုင်ကြတာ ကဏ္ဍသုံးခုမှာ ပြိုင်ပွဲဝင်ပုံ တစ်ထောင်ကျော်တွေ့ရပါတယ်'' ဟု၎င်းက
ဆက်လက်ပြောသည်။
အဆိုပါဇေယျာတိုင်းအလှဓာတ်ပုံပြိုင်ပွဲကို
ကဏ္ဍသုံးရပ်ဖြင့် ကျင်းပရာတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဓာတ်ပုံပညာရှင် (၂၂၇)ဦးမှ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်များကဏ္ဍတွင် (၆၄၇)ပုံ၊
သဘာဝအလှ အပများကဏ္ဍတွင် (၆၇၂)ပုံနှင့် တိုင်းရင်းသားတို့၏ ရိုးရာဓလေ့များကဏ္ဍတွင် (၃၃၅)ပုံ
စုစုပေါင်း (၁၆၅၄)ပုံ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယနေ့တွင် ဆုရဓာတ်ပုံများစိစစ်ရွေးချယ်ပြီး
ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် မုံရွာမြို့ မြို့တော်ခန်းမတွင် ဆုပေးပွဲကျင်းပမည်ဖြစ်ပြီး၊
ပထမဆုအား ငွေကျပ် သိန်း(၂ဝ)၊ ဒုတိယဆုအား ငွေကျပ် (၁၅)သိန်း၊ တတိယဆုအား ငွေကျပ် (၁ဝ)သိန်းနှုန်း၊
နှစ်သိမ့်ဆု တစ်ဆုကို ငွေကျပ် (၅)သိန်းနှုန်းဖြင့် (၁ဝ)ဆု အားပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း
သိရသည်။
မင်းဝေ(မုံရွာ)
No comments:
Post a Comment