နေပြည်တော် ဖေဖော်ဝါရီ ၂
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်
စတုတ္ထပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ရွှေဘိုမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ
ဒေါ်အေဇင်လတ်တင်သွင်းသည့် အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ် (၁၅) ဦးတို့က ထောက်ခံဆွေးနွေးကြသည်။
အဆိုရှင်၏ ကျောင်းမုန့်ဈေးတန်းများအပါအ၀င် မြန်မာနိုင်ငံတစ်ဝန်းရှိ ဈေးကွက် အတွင်းတွင်
ရောင်းချလျက်ရှိသော ကျန်းမာရေးနှင့် မညီညွတ်သည့် ဓာတုဆိုးဆေးပါ စားသောက်ကုန်များ ၊
စားသောက်ဖွယ်ရာများ ရောင်းချနေခြင်းအား ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန် တာဝန်ရှိသည့်
ဌာနဆိုင်ရာများ စုပေါင်းပါဝင်သော နိုင်ငံတော် အဆင့် စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော်
ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုအပေါ် အရာတော်မဲဆန္ဒနယ်
မှလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးခင်မောင်သင်းက မိမိတို့မြို့နယ်၏ သာရေးနာ ရေးကိစ္စရပ်များတွင်
သန့်စင်ဆီခေါ် မြောင်းဆီကို အသုံးပြု နေကြပါကြောင်း ၊ မြောင်းဆီဆိုသည်မှာ တရုတ်နိုင်ငံစားသောက်ဆိုင်များမှ
စွန့်ပစ်ဆီများကို အရောင်ချွတ် အနံ့ထည့်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောင်းချသည့်
ဆီများဖြစ်ပါကြောင်း ၊ မြောင်းဆီ တစ်ပိဿာလျှင် ၂၅၀၀ ကျပ်သာ ပေးရပါကြောင်း ၊ သဘာဝ သီးနှံ
ဆီများမှာ တစ်ပိဿာအနည်းဆုံး လေးထောင်ကျပ် ပေးရပါကြောင်း ၊ မြန်မာလူမျိုးများ သည် ငါးပိ
ငါးခြောက်များကို နေ့စဉ်စားသုံးကြပါကြောင်း ၊ ငါးပိတွင် အာဆင်းနစ်ဓာတ် များ ၊ ယူရီးယားဓာတ်များ
၊ မြေသြဇာများ ထည့်သွင်းရောင်းချပါကြောင်း ၊ အသား ၊ ငါး ၊ ၀က်အူချောင်းများတွင်လည်း
မပုပ်မသိုးအောင် ဖော်မလင် ဓာတုဗေဒ ပစ္စည်းများ သုံးစွဲကြပါကြောင်း ၊ လွန်ခဲ့သောသုံးနှစ်ခန့်က
တရုတ်ပြည်တွင် နို့မှုန့်တုများကို စားသုံး၍ ကလေးသူငယ်များ ကျောက်ကပ်ပျက်ပြီး သေဆုံးရသည်ကို
တွေ့ရပြီး အစား အသောက်များ၏ အန္တရာယ်ကို ရှောင်ရှားသင့်ပါကြောင်း ၊ မိမိတို့မြို့နယ်၏
သားသတ် လိုင်စင်ရရှိသူများသည် အသားများကို ယင်မလာစေရန် ယင်မအုံစေရန်အတွက် အသားများ
အပေါ်တွင် ပိုးသတ်ဆေးများကို ဖြန်းခြင်း ၊ ရက်လွန်အသားများ မပုပ်သိုးစေ ရန် ဖော်မလင်ဆေးများ
သုံးစွဲခြင်းများ ရှိနေပါကြောင်း ၊ နေ့စဉ်သုံးစွဲနေသော လက်ဖက်၊ ငရုတ်သီးမှုန့် ၊ အရောင်တင်မှုန့်များတွင်လည်း
ခွင့်မပြုဓာတုဆိုးဆေးများကို သုံးစွဲနေသည်ကို သိရပါကြောင်း ၊ စားသုံးသူများသည် ခွင့်မပြု
ဓာတုဗေဒဆိုးဆေးများ နှင့် ပတ်သက်၍ လုံးဝမသိကြပါကြောင်း ၊ အထက်ပါအကြောင်းများကြောင့်
မြန်မာနိုင်ငံ သည် ကမ္ဘာတွင်ဒုတိယကင်ဆာအဖြစ်အများဆုံး နိုင်ငံအဖြစ် သတ်မှတ်ခံရပါကြောင်း
၊ အချို့နိုင်ငံများတွင် သုံးစွဲခြင်းမပြုသည့် ဟင်းချိုမှုန့်ကိုလည်း မြန်မာနိုင်ငံတွင်
တွင်ကျယ် စွာ အသုံးပြုနေကြပါကြောင်း ၊ ထို့အတွက် ဆီးချို ၊ သွေးတိုး ၊ လေဖြတ်ရောဂါများ
အဖြစ်များနေပါကြောင်း ၊ စားသုံးသူရပိုင်ခွင့် သည် နိုင်ငံသား ရပိုင်ခွင့်များထဲတွင်
တစ်ခု အပါအ၀င်ဖြစ်ပါကြောင်း ၊ ထို့အတွက် ကျန်းမာရေးနှင့် ပတ်သက်သည့် ဥပဒေများကို ပြဋ္ဌာန်းခဲ့ပါကြောင်း
။
အစားအသောက်နှင့်ဆေးဝါးထိန်းချုပ်မှု ဥပဒေများ
ပြဋ္ဌာန်းခြင်း ၊ ဓာတ်ခွဲခန်းများ တည်ထောင်ပေးခြင်းများကို နိုင်ငံတော်က ပြုလုပ်ပေးသော်လည်း
ဥပဒေအသက်ဝင်ရန် ဌာနဆိုင်ရာများ၏ ကြိုးပမ်းမှုအားနည်းခြင်း ၊ ၀န်ထမ်းအင်အားနည်းပါးခြင်း
၊ အစားအ အသောက်နှင့်ပတ်သက်၍ အသိပညာပေးမှု နည်းပါးခြင်း တို့ကြောင့် FDA ၏ လုပ်ငန်း များ
မအောင်မြင်ဖြစ်နေရပါကြောင်း ၊ မြန်မာနိုင်ငံတစ်ဝန်းရှိဈေးကွက်တွင် ရောင်းချ လျက်ရှိသော
ကျန်းမာရေးနှင့် မညီညွတ်သည့် ဓာတုဆေးဝါး စားသောက်ကုန်များ ရောင်းချနေခြင်းအား ထိရောက်စွာတားဆီးနိုင်ရန်
ဌာနဆိုင်ရာအများစု ပူးပေါင်းပါဝင် သောစီမံချက်ဖြင့် လူထု၏ ပူးပေါင်းပါဝင်မှုကို အကောင်အထည်ဖော် ဆောင်ရွက်ရန်
နိုင်ငံတော်အစိုးရအား တိုက်တွန်းနှိုးဆော်ပါကြောင်း ထောက်ခံ ဆွေးနွေးသည်။
သနပ်ပင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဦးမြင့်ဦးက ဖွံ့ဖြိုးလာသည့် နည်းပညာက အစားအသောက် များကို ပိုမို အန္တရာယ်ဖြစ်လာစေသည်ကို
တွေ့မြင်နေရ ပါကြောင်း ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၁ ခုနှစ်တွင်ထုတ်ပြန်သည့် အစီရင်ခံစာ
တွင် ကမ္ဘာ့ကင်ဆာရောဂါ ဖြစ်ပွားမှု အများဆုံးဆယ်နိုင်ငံတွင် မိမိတို့နိုင်ငံက ဒုတိယ နေရာတွင်ရှိနေသည်ဟု
ဖော်ပြပြီး အာဟာရချို့တဲ့မှုအများဆုံး နိုင်ငံများစာရင်းထဲတွင် ပါနေပါကြောင်း ၊ ပျမ်းမျှသက်တမ်းနိမ့်ကျလာပြီး
မွေးကင်းစကလေးငယ် အသေအ ပျောက်နှုန်းမြင့်မား လာခြင်း သည်လည်း အနာဂတ်မျိုးဆက်သစ်များ
စိုးရိမ်ရင်လေးစရာ ဖြစ်ပါကြောင်း ၊ ထို့အတွက် ပြည်သူလူထုနှင့် ကလေးသူငယ်များပါ ဘေးကင်းလုံခြုံ
စိတ်ချနိုင်သည့် အစာ အာဟာရများ စားသုံးနိုင်ရေးအတွက် အဆိုရှင်တင်ပြထားသကဲ့ သို့ နိုင်ငံတော်အဆင့်
စီမံချက်တစ်ရပ်ကို ရေးဆွဲ၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့်
ပြည်သူလူထုပါ ပူးပေါင်းပါဝင်စေလျက် အကောင် အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ထောက်ခံဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး
ဒေါက်တာမြင့်ထွေးက ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး အဆိုရှင်က ၎င်း၏ အဆိုအား အတည်ပြုပေးပါရန်
တင်ပြရာ လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်းကို လွှတ်တော်ဥက္ကဋ္ဌက ကြေညာသည်။
ယနေ့အစည်းအဝေးတွင် ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးအောင်သန်းစိန်၏ ခန္တီးမြို့နယ်တွင် ပါရှိသော
ပါးရို ကျေးလက်ကျန်းမာရေးဌာနကို ပါးရိုကျေးရွာ တိုက်နယ် ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ခြင်း
ရှိ မရှိ မေးခွန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက
ကျေးလက် ကျန်းမာရေးပိုင်းတွင် ကျေးရွာ (၁၇) ရွာ ၊ အိမ်ခြေ (၆၁၁) အိမ် ၊ လူဦးရေ (၄၄၀၀)
ရှိပါကြောင်း ၊ အကယ်၍ Station Hospital ပြုလုပ်မည်ဆိုပါက လူဦးရေ တစ်သောင်းမှ တစ်သောင်း
ငါးထောင်အကြား ရှိရမည်ဖြစ်ပြီး သွားလာရေးလွယ်ကူ ပြီး အနီးအနားတွင်ရှိသည့် ကျေးလက်ကျန်း
မာရေးဌာနခွဲမှ လူများလည်း အလွယ်တကူ လာရောက်နိုင် ရမည်ဖြစ်ပါကြောင်း ၊ ထို့အပြင် အဆိုပါ
Station Hospital မှ မြို့နယ် ဆေးရုံသို့ သွားရောက်ရန်လည်း လွယ်ကူရမည်ဖြစ်ပါကြောင်း
၊ ကျန်သည့်အချက်များ ရှိသေးသော်လည်း လူဦးရေမှာ (၄၄၀၀) သာ ရှိသည့်အတွက် ဆေးရုံတစ်ရုံအဖြစ်
သတ်မှတ်ပေးရမည်ဆိုပါက ၀န်ကြီးဌာန၏ ဘတ်ဂျတ်အင်အား ၊ လူအင်အား ၊ ငွေအင် အားဖြင့် အဆင်မပြေနိုင်ပါကြောင်း
၊ သို့သော်လည်း ပြန်၍ လေ့လာကြည့်ပါက အဆိုပါ ကျေးလက်ကျန်းမာရေးဌာနတွင် ဌာနခွဲ ငါးခုရှိပါကြောင်း
၊ လိုအပ်သည့် ၀န်ထမ်းအင် အား လစ်လပ်နေမှုအခြေအနေများအပေါ် ပြန်လည်ခန့်ထားပေးသွားနိုင်တော့မည် ဖြစ်ပါကြောင်း
၊ ဆေးရုံအတွက် လိုအပ်သည့် ကုသမှုဆိုင်ရာဆက်စပ်ပစ္စည်းများကို လည်း အမြန်ဆုံးပေး အပ်သွား
မည်ဖြစ် ပါကြောင်း ၊ လတ်တလောအခြေအနေအားဖြင့် ဆေးရုံကို တိုက်နယ်အဆင့်သို့ တိုးမြှင့်ပေးသွား
နိုင်ဦးမည် မဟုတ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
ပင်းတယမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးစိုးမြင့်၏ ပင်းတယ မြို့နယ် ၊ ပြည်သူ့ဆေးရုံကို
ခုတင် (၅၀) ဆံ့ဆေးရုံအဖြစ်မှ ခုတင် (၁၀၀) ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ်
ရှိ မရှိ မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပင်းတယမြို့နယ်ဆေးရုံသည်
အနီးနားတွင် ပွေးလှ တိုက်နယ်ဆေးရုံ ၊ မိုင်းအင်တိုက်နယ်ဆေးရုံတို့နှင့် နီးကပ်ပါကြောင်း
၊ ခုတင် (၅၀၀) ဆံ့တောင်ကြီး စ၀်စံထွန်းဆေးရုံကြီးနှင့် ၆၃ မိုင်သာ ကွာဝေးပြီး ကားလမ်းဖြင့်
၂ နာရီသာ ကြာပါကြောင်း ၊ ပွေးလှ တိုက်နယ် ဆေးရုံနှင့် (၈) မိုင်သာကွာပြီး ကားလမ်း ခရီးဖြင့်
(၃၀) မိနစ်သာ ကြာပါကြောင်း ၊ မိုင်းအင်တိုက်နယ်ဆေးရုံနှင့် (၁၂) မိုင်ကွာပြီး ကားလမ်းခရီးဖြင့်
(၄၀) မိနစ်သာ ကွာဝေးပါကြောင်း ၊ ခုတင် ၅၀ ဆံ့ဆေးရုံတစ်ခုတွင် ၀န်ထမ်းပေါင်း ၈၁ ယောက်ရှိရမည်ဖြစ်သော်လည်း
ယခုအချိန်တွင် အဆိုပါ ဆေးရုံ၌ ၀န်ထမ်းအင်အား (၄၈) ယောက်သာ ရှိသည်ကို တွေ့ရပါကြောင်း
၊ အကယ်၍ ခုတင် (၅၀) မှ (၁၀၀) သို့ တိုးမြှင့်မည်ဆိုပါက ၀န်ထမ်းအင်အား (၂၀၁) ဦးခန့်အပ်ရမည်ဖြစ်ရာ
ဝန်ကြီးဌာနအနေဖြင့် လတ်တလောကာလတွင် ယင်းသို့ ၀န်ထမ်းတိုးမြှင့်ခန့်အပ်ရန် အခြေအနေ မပေးသေးပါကြောင်း
၊ နောင်လာမည့် နှစ်ကာလများတွင်မူ ဖြစ်နိုင်ဖွယ် အလား အလာများ ရှိပါကြောင်း ၊ လိုအပ်သည့်
ဆရာဝန်၊ သူနာပြုအင်အားနှင့် ၀န်ထမ်း အင်အား၊ ဆေးပစ္စည်း ကိရိယာများကို တိုးမြှင့်ပေးရန်
အစီအစဉ်ရှိပါကြောင်း ၊ လက်ရှိ ကာလတွင် အဆင့်တိုးမြှင့်ရန် အစီအစဉ် မရှိသေးသော်လည်း
စဉ်ဆက်မပြတ် စောင့်ကြည့်လျက်ရှိကာ လိုအပ်လာသည့်အချိန်တွင် ချက်ချင်းတိုးမြှင့် ဆောင်ရွက်ပေး
သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆားလင်းကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းသိန်းဇော်၏ ဆားလင်းကြီးမြို့နယ်အတွင်းရှိ
မတောင့်တကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ခွင့်ပြုရန်
အစီအစဉ် ရှိ မရှိ မေးခွန်းကို ပြည်ထောင်စု ၀န်ကြီး ဒေါက်တာမြင့်ထွေးက ဤဆေးရုံကြီးသည်
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ၂၀၁၆
ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် လွှဲပြောင်းပေးပြီးဖြစ်ပါကြောင်း ၊ ၂၀၁၆-၂၀၁၇ ခုနှစ်တွင်
ဖွဲ့စည်းပုံလည်း တင်ပြရရှိပြီးဖြစ်ပါကြောင်း ၊ ၂၀၁၇-၂၀၁၈ ဘတ်ဂျတ် တွင်လည်း ခွင့်ပြုငွေရရှိရန်
တင်ပြထားပါကြောင်း ၊ ဆေးရုံကြီးကို ကြည့်ရှုစစ်ဆေးခဲ့ရာ တွင်လည်း အလွန်ကောင်းမွန်သည့်
အခြေအနေ များကို တွေ့ခဲ့ရပါကြောင်း ၊ ဆေးရုံအတွင်းတွင် စေတနာရှင်များက လှူဒါန်းထားသည့်
ပစ္စည်းပစ္စယ များမှာလည်း ပြည့်စုံမှုရှိသည်ကို သတိပြုမိပါကြောင်း ၊ ယင်းပစ္စည်းများကို ဆက်လက်၍ ထိန်းသိမ်း စောင့်ရှောက်ပေးသွားမည်ဖြစ်ပါကြောင်း
ရှင်းလင်းဖြေကြားသည်။
ရသေ့တောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်
ဒေါ်ခင်စောဝေက (၁၈၆၁) ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော
ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံ ဆွေးနွေးရန် အဆိုတင်သွင်းရာ မန်တုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်း
မိုးက ထောက်ခံပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်းက ယင်းဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်က လက်ခံဆွေးနွေးရန် သင့်မသင့် အဆုံးအဖြတ်ရယူရာ
လွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်း ဆုံးဖြတ်သည့် အတွက် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မရှိကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာသည်။
အောင်နိုင်(သတင်းစဉ်)

No comments:
Post a Comment