Tuesday, February 28, 2017

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ လိုင်လင်းပီး၊ ရေဇွာ နှင့် မတူပီ မြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်


မတူပီ ဖေဖော်ဝါရီ ၂၈
ချင်းပြည်နယ်၌ ရောက်ရှိနေသော ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ဦးဝင်းခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန် လွယ်၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ဒေါက်တာထွန်းနိုင်တို့ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် မင်းတပ်မြို့မှ လိုင်လင်းပီးမြို့သို့ ရောက်ရှိကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် လိုင်လင်ပီးမြို့ လေယာဉ်ကွင်းငယ် ဖောက်လုပ်မည့်နေရာသို့ ရောက်ရှိရာ လေကြောင်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လေယာဉ်ကွင်း ဖောက်လုပ်မည့် မြေနေရာ ရွေးချယ်ထားမှုနှင့် လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လေယာဉ်ကွင်း ဖောက်လုပ်နိုင်မည့် အခြေအနေများကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ထို့နောက် လေယာဉ်ကွင်း ဖောက်လုပ်မည့် မြေနေရာ၌ စက်ယန္တရားများ စုစည်းထားရှိမှုနှင့် မြေညှိခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုင်လင်းပီးမြို့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုသည်။
ယင်းနောက် လိုင်လင်းပီမြို့ အားကစားကွင်း၌ ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံတော်အပိုင်းက ပံ့ပိုးကူညီပေးမည့် အခြေအနေ များကို ရှင်းလင်းပြောကြားသည်။
လိုင်လင်းပီမြို့ ဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို မြို့မိမြို့ဖ ဒေါက်တာ ဆာဆာ က တင်ပြရာ တာဝန်ရှိသူများက မြို့တွင်းလမ်းများ ကောင်းမွန်ရေး၊ ဆက်သွယ်ရေးစနစ် ကောင်းမွန်ရေး၊ မင်းတပ် - လိုင်လင်းပီ မြို့နယ်ချင်းဆက်လမ်း ဖောက်လုပ်ပေးရေး၊ လျှပ်စစ်ဓာတ်အား ရရှိရေး၊ ကျောင်းများ နှင့် ဆေးရုံများ အဆင့်တိုးမြှင့်ရေး တို့နှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြန်လည် ရှင်းလင်း ပြောကြားကြသည်။
ထို့နောက် မြို့ဖွံ့ဖြိုး တိုးတက်ရေးအတွက် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ထောက်ပံ့ ငွေကျပ်သိန်း ၅၀ ကို ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က မြို့မိမြို့ဖ ဒေါက်တာဆာဆာ ထံ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် ရေဇွာမြို့ ၁၆ ခုတင်ဆံ့ဆေးရုံ သို့ရောက်ရှိပြီး လူနာ ကုသဆောင်များ၊ သားဖွားခန်း၊ ဆေးသိုလှောင်ခန်း၊ ဓာတ်ခွဲခန်းနှင့် တိုးချဲ့ဆောင် တည်ဆောက်မည့် နေရာများကို လှည့်လည်ကြည့်ရှုပြီး ဆေးကုသ မှုခံယူနေသည့် လူနာ များကို ထောက်ပံ့ငွေများ ပေးအပ်သည်။
ထိုမှတစ်ဆင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ဒေသခံ တိုင်းရင်းသားများ၊ မြို့မိမြို့ဖများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်အပိုင်း က ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ရေဇွာမြို့ ဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများ၏ လိုလားချက်များကို မြို့မိမြို့ဖ ဦးရော်ဟဲက တင်ပြရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် ဒုတိယသမ္မတအား ရေဇွာမြို့သူမြို့သားများက အမှတ်တရ ဂုဏ်ပြု လက်ဆောင် ပေးအပ်သည်။
ညနေပိုင်းတွင် ဒုတိယသမ္မတ နှင့်အဖွဲ့ဝင်များသည် မတူပီမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံအတွင်းရှိ လူနာကုသဆောင်များ၊ ခွဲစိတ်ခန်းနှင့် တိုးချဲ့ကုသဆောင် တည်ဆောက်နေမှုတို့ကို လှည့်လည် ကြည့်ရှုကာ ဆေးကုသမှု့ခံယူနေသည့်  လူနာများအတွက် ထောက်ပံ့ငွေများကို ပေးအပ်သည်။
ထိုမှတစ်ဆင့် မတူပီမြို့ ဘုံတလာခန်းမ၌ ဒေသခံပြည်သူများ နှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အပိုင်းက ပံ့ပိုးကူညီမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
မတူပီမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို မြို့မိမြို့ဖ တစ်ဦးက တင်ပြရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် မတူပီမြို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာနမှ ထောက်ပံ့ ငွေကျပ်သိန်း ၁၀၀ ကို ဒုတိယသမ္မတက မြို့နယ်စီမံခန့်ခွဲရေး ကော်မတီဝင် တစ်ဦးထံ ပေးအပ်သည်။
ဆက်လက်၍ မတူပီမြို့အတွက် နယ်စပ်ရေးရာ ၀န်ကြီးဌာနမှ ထောက်ပံ့ပေးသည့် ဆိုလာပြား ၅၀ ကို ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က လည်းကောင်း၊ စောင် ၂၅၀ ကို ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က လည်းကောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်သည်။
ထိုမှတစ်ဆင့်  ကိုမန်မုန်တိုင်း မိုးရွာသွန်းမှုကြောင့် မတူပီမြို့ နေရာအချို့တွင် မြေပြိုကျမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများအနက် ခိုဘွေရပ်ကွက်နှင့် စံဘောင်ရပ်ကွက်များကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ ဌာနဆိုင်ရာ တာဝန်ရှိ သူများက လတ်တလော ဆောင်ရွက်နေမှုနှင့် ရေရှည်ဆောင်ရွက်ရမည့် အစီအစဉ်များ တွင် နိုင်ငံတော်အပိုင်းက ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိမ်ဗျူးလ် ဂေါက်ကွင်းရှုရပ်မှနေ၍ မတူပီမြို့၏ မြို့ပြ ဖွံ့ဖြိုး တိုးတက်မှု၊ မြို့တွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှု၊ မြို့ပြဧရိယာ တိုးချဲ့သင့်သည့် နေရာများ၊ မြေပြိုကျမှု ဖြစ်စဉ် ဖြစ်ပွားသည့် နေရာများကို ကြည့်ရှုသည်။
ထို့နောက် မတူပီမြို့ မြို့ရှောင်လမ်း ဖောက် လုပ်ထားမှုကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။
ယနေ့သွားရောက်ခဲ့သည့် ဒေသများတွင် ဒုတိယသမ္မတက ဒေသခံပြည်သူများ အနေဖြင့် မိမိတို့ဒေသရှိ ရေ၊ မြေ တို့ကို အကျိုးရှိရှိ အသုံးပြုသွားရန် လိုအပ်ပါကြောင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းမှ နှစ်ရှည် သီးနှံပင်များ စိုက်ပျိုးရေးကိုလည်း လုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် လတ်တလော ပြည်သူ များ ဘေးအန္တရာယ် ကင်းရှင်းရေးကို ဆောင်ရွက်နေသည့်အပြင် နောင်တွင်အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခြင်းမရှိအောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ သဘာဝ ဘေးအန္တရာယ် ဖြစ်သည့် မြေပြိုမှု ဖြစ်စဉ်များ ဖြစ်ပွားမှုမရှိအောင် စီမံဆောင်ရွက်ရာ၌ ဒေသအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားနှင့် သောက်သုံးရေ ဖူလုံစွာ ရရှိအောင်လည်း တစ်ပါတည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်မှ ဦးဆောင်၍ ဘူမိဗေဒ ဆိုင်ရာ၊ ပထ၀ီပိုင်းဆိုင်ရာ၊ ဆည်မြောင်းဆိုင်ရာ စသည့် တတ်သိကျွမ်းကျင်သည့် ပညာ ရှင်များပါဝင်သည့် ကော်မတီတစ်ရပ်ကို ဆောလျင်စွာဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ် ပါကြောင်း မှာကြားခဲ့သည်။

 (သတင်းစဉ်) 

No comments:

Post a Comment