Friday, February 3, 2017

(၄၃)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် မွန်ပြည်နယ် ရှုခင်းအလှ ရောင်စုံဓါတ်ပုံ ဖိတ်ခေါ်ပြိုင်ပွဲ ပြုလုပ်ကျင်းပမည်

မော်လမြိုင်          ဖေဖေါ်ဝါရီ          
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့မှ ဦးစီး၍ မွန်ပြည်နယ် ဟိုတယ်လုပ်ငန်းရှင်များအသင်းက အဓိက ကူညီပံ့ပိုးပြီး မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွန်ပြည်နယ်ရှုခင်းများကို ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ရောင်စုံဓါတ်ပုံ ဖိတ်ခေါ်ပြိုင်ပွဲ 'မွန်ပြည်နယ်ရှုခင်းအလှ' ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်သည်။

ပြိုင်ပွဲစည်းကမ်းချက်များနှင့် ပြိုင်ပွဲဝင်ပုံစံများကို မွန်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်/မြို့နယ်ရုံးများနှင့် ရတနာမြိုင်-ရုပ်သံ/ရုပ်ရှင်/တေး ဖြန့်ချီရေး၊ ဗီဒီယို/ဓါတ်ပုံရိုက်ကူးရေးနှင့် စတူဒီယို၊ မော်လမြိုင်မြို့တွင် ထုတ်ယူနိုင်ပြီး ပြိုင်ပွဲဝင်ပုံများကို ၂၀၁၇ခုနှစ် ၊ မတ်လ၊  (၇)ရက်နေ့၊ ညနေ(၄)နာရီ နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို ပထမဆု ကျပ်(၁၀)သိန်း၊ ဒုတိယဆု ကျပ်(၇)သိန်း၊ တတိယဆု ကျပ်(၅)သိန်းနှင့် နှစ်သိမ့်ဆု ကျပ်(၁)သိန်း ချီးမြှင့်သွားမည်ဖြစ်ပြီး ဆုပေးပွဲကို (၄၃)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပရာ ပြည်နယ်ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြည်နယ် ပြန်/ဆက်

No comments:

Post a Comment