နေပြည်တော် ဖေဖော်ဝါရီ ၁
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော် မိုးရေကာ ဖျင်စက်ရုံနှင့်
ဖိနပ်စက်ရုံ (လှိုင်းတက်)တို့သို့ ရောက်ရှိရာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများက ကုန်ထုတ်လုပ်မှု
အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
စစ်မြေပြင်တွင်လည်းကောင်း၊ လုပ်ငန်းခွင်တွင်လည်းကောင်း လက်တွေ့ သုံးစွဲရာတွင် တွေ့ရှိရသည့်
အားသာချက်၊ အားနည်းချက်များကို အခြားသော ပြည်တွင်း ပြည်ပ ထုတ်ကုန်ပစ္စည်းများနှင့် နှိုင်းယှဉ်သုံးသပ်ဖော်ထုတ်၍
မိမိစက်ရုံ၏ ထုတ်ကုန်ပစ္စည်းများ အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ရေး၊ သုံးစွဲသူများ
ပိုမို၍ သက်သောင့်သက်သာရှိစေရေး အမြဲမပြတ် ဆန်းစစ်ပြင်ဆင် ဆောင်ရွက်သွားရန်၊ ၎င်းအပြင်
ကျောင်းသုံးကျောပိုး အိတ်၊ ဖိနပ်၊ ဦးထုပ်၊ ခါးပတ်စသည်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့်
ပြည်သူလူထု မဖြစ်မနေ အသုံးပြုနေရသည့် အသုံး အဆောင်ပစ္စည်းများကိုပါ အရည်အသွေးပြည့်မီစွာ
ထုတ်လုပ်နိုင်ရေး သုတေသနပြုလုပ်၍ ကြိုးစားလုပ်ဆောင်ရန်၊ မိမိစက်ရုံ၏ စက်စွမ်းအားပြည့်
လည်ပတ်၍ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းဖြင့် ယင်းအသုံး အဆောင်ပစ္စည်းများ ပြည်ပမှ
ဝယ်ယူသုံးစွဲရခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲရမှု ပမာဏကို တစ်ဖက်တစ်လမ်းမှ လျှော့ချနိုင်သည်အထိ
အထောက်အကူဖြစ်စေရေး မျှော်မှန်းလုပ်ဆောင်ရန်၊ စက်ရုံဝန်ထမ်းများ၏ သက်သာချောင်ချိမှုကို
ထိရောက်စွာ လုပ်ဆောင်နိုင်မည့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ
စီမံဆောင်ရွက်ပေးရန်တို့ကို မှာကြားသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်
အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် တပ်မတော်သုံး ချပ်ဝတ်တန် ဆာ အသုံးအဆောင်ပစ္စည်းများနှင့်
စက်ရုံမှ ထုတ်လုပ်သည့် ဖိနပ်အမျိုးမျိုးတို့အား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မိုးရေကာဖျင်စက်ရုံအတွင်းရှိ
ရက်ကန်းဌာနနှင့် ချပ်ဝတ်တန်ဆာဌာနတို့အတွင်း တပ်မတော်သုံး ချပ်ဝတ် တန်ဆာပစ္စည်းများ ထုတ်လုပ်နေမှုနှင့်
ဖိနပ်စက်ရုံအတွင်း ဖိနပ်ထုတ်လုပ်နေမှုအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း
သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment